
MT News
၁၇. ၃. ၂၀၂၅
အခြေခံဘောလုံးပညာနှင့် ကျောင်းပညာရေးအား အခမဲ့သင်ကြားပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဖွင့်လှစ်ထားသည့် မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး)၊ အမျိုးသား ဘောလုံးအကယ်ဒမီ(ရန်ကုန်)တို့တွင် ၂၀၂၅-၂၆ ပညာသင်နှစ်အတွက် ကျောင်းသားအသစ်များအား ရွေးချယ်ခေါ်ယူသွားမည်ဖြစ်သည်။
ရွေးချယ်မည့် အသက်အရွယ်များမှာ ၂၀၁၃ ခုနှစ်ဖွား – အသက် ၁၂ နှစ် အောက်၊ ၂၀၁၂ ခုနှစ်ဖွား အသက် ၁၃ နှစ် အောက်နှင့် ၂၀၁၁ ခုနှစ်ဖွား အသက် ၁၄ နှစ်အောက်များကို ရွေးချယ်မည်ဖြစ်ပြီး ပဏာမအဆင့် ရွေးချယ်ခြင်းကို မော်လမြိုင်မြို့၊ ကျောင်းသားအားကစားကွင်းတွင် မတ်လ ၂၈ ရက်၊ ၂၉ ရက်၊ ၃၀ ရက်နှင့် ပဲခူးမြို့ရှိ ဟံသာဝတီယူနိုက်တက်ကွင်းတွင် ဧပြီလ ၁ ရက်၊ ၂ ရက်နှင့် ၃ ရက်၊ ရန်ကုန်မြို့၊ လေ့ကျင့်ရေး ကွင်း(၁)၊ သုဝဏ္ဏတွင် ဧပြီလ ၉ ရက်၊ ၁၀ ရက်နှင့် ၁၁ ရက်၊ နေပြည်တော် ပေါင်းလောင်းကွင်းတွင် ဧပြီလ ၂၃ ရက်၊ ၂၄ ရက်နှင့် ၂၅ ရက်၊ မန္တလေးမြို့တွင် မြန်မာဘောလုံးအကယ်ဒမီ လေ့ကျင့်ရေးကွင်း၌ ဧပြီလ ၂၈ ရက်၊ ၂၉ ရက်၊ ၃၀ ရက်နှင့် တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်အားကစားကွင်း၌ မေလ ၁ ရက်၊၂ ရက်နှင့် ၃ ရက်တို့တွင် ကျင်းပသွားမည်ဖြစ်သည်။
နောက်ဆုံးအဆင့် ရွေးချယ်ခြင်းကိုမူ ရန်ကုန်မြို့ရှိ လေကျင့်ရေးကွင်း(၁)၊ သုဝဏ္ဏတွင် မေလ ၆ ရက်၊ ၇ ရက်နှင့် ၈ ရက်၊ မန္တလေးမြို့တွင် မြန်မာဘောလုံးအကယ်ဒမီကွင်း၌ မေလ ၁၂ ရက်၊ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး အသေးစိတ်သိလိုသည်များကို 09- 769 900 600 သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် လူငယ်ဘောလုံး အားကစားဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်ဘောလုံး အားကစားသမားများ မွေးထုတ်ပေးရန်အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ ဘောလုံးအကယ်ဒမီ ကျောင်းများတွင် နိုင်ငံတကာအဆင့်မီ နေထိုင်စားသောက်မှု အပြည့်ဖြင့် လေ့ကျင့်ပေးလျက်ရှိပြီး ဘောလုံးအကယ်ဒမီကျောင်းများ၏ ရည်ရွယ်ချက်မှာ နိုင်ငံတကာအဆင့်မီ ကစားသမားများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဘောလုံးအသိုက်အဝန်း၏ စံနမူနာပြအဖြစ် ကစားသမားကို ပြုစုပျိုးထောင်ရန် ဖြစ်သည်။