
၁၇. ၃. ၂၀၂၅
Written by Nyein Kyaw
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲကို မတ်လ ၁၇ ရက်ကနေ မတ်လ ၂၂ ရက်အထိ ပိတ်ရက်မရှိ ဖြေဆိုရမှာဖြစ်ပြီး ပထမဆုံးနေ့ဖြစ်တဲ့ ဒီနေ့မှာ မြန်မာစာဘာသာ စတင်ဖြေဆိုခဲ့ကြပါတယ်။

မတ်လ ၁၈ ရက် မနက်ဖြန်မှာ အင်္ဂလိပ်စာဘာသာ၊ မတ်လ ၁၉ ရက်မှာ သင်္ချာဘာသာ၊ မတ်လ ၂၀ ရက်မှာ ဓာတုဗေဒဘာသာနဲ့ ပထဝီဝင်ဘာသာ၊ မတ်လ ၂၁ ရက်မှာ ရူပဗေဒဘာသာနဲ့ သမိုင်းဘာသာ၊ မတ်လ ၂၂ ရက်မှာ ဇီဝဗေဒဘာသာနဲ့ ဘောဂဗေဒဘာသာတို့ကို နေ့စဥ် မနက် ၉ နာရီကနေ နေ့လယ် ၁၂ နာရီအထိ ဖြေဆိုရမှာဖြစ်ပါတယ်။

ယခု ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ စာစစ်ဌာန ၈၁၇ ခု ဖွင့်လှစ် ဆောင်ရွက်ထားပြီး ဖေဖော်ဝါရီလ တတိယအပတ်အထိ ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းထားသူ ၂၂၀,၀၀၀ ကျော်ရှိကာ စာမေးပွဲဖြေဆိုဖို့ တစ်ရက်အလို မတ်လ ၁၆ ရက် ညနေ ၄ နာရီအထိ လက်ခံပေးခဲ့ကြောင်း စာစစ်ဦးစီးဌာနမှ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းသူ ၁၄၆,၅၀၀ ကျော်ရှိခဲ့ပြီး လာရောက်ဖြေဆိုသူဦးရေ ၁၂၈,၆၀၀ ကျော် (ဖြေဆိုသူဦးရေ ၈၈ ရာခိုင်နှုန်းခန့်) ရှိခဲ့သလို ဖြေဆိုသူဦးရေရဲ့ ၅၈ ရာခိုင်နှုန်းနီးပါးဖြစ်တဲ့ ၇၄,၅၉၂ ဦး စာမေးပွဲ အောင်မြင်ခဲ့တာဖြစ်ပါတယ်။