



၁၇.၃.၂၀၂၅
Written by Hey Mar
အမြန်လမ်းမှာ မတ်လ ၁၆ ရက်နေ့ တစ်ရက်တည်း ယာဉ်တိုက်မှု သုံးမှုဖြစ်ပွားခဲ့ပြီး နှစ်မှုမှာ လူသေဆုံးသူ ရှိခဲ့ကာ ကျန်တစ်မှုမှာ တော့ လူမသေဆုံးခဲ့ပေမယ့် ယာဉ်ပေါ်ပါ လူ ဆယ်ဦးခန့် ပေါက်ပြဲ သွေးထွက် ကျိုးပဲ့ဒဏ်ရာတွေရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ထံကနေ သိရပါတယ်။
ဖြစ်စဉ်တွေက မနေ့က မနက် ကိုးနာရီခန့်မှာ အောင်ဇေလူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်တစ်စီး ရန်ကုန်ကနေ မကွေးဘက်ကို လူနာပြန်လည်ပို့ဆောင်စဉ် အမြန်လမ်း မိုင်တိုင်အမှတ် ၉၇ မိုင် ခြောက်ဖာလုံအနီးမှာ လမ်းပေါ်တက်လာတဲ့ ခွေးကို တိမ်းရှောင်ရင်း လမ်းပေါ်ကျွန်းပေါ်ရှိ ထန်းပင်နဲ့ ခရေပင်တွေကို တိုက်မိတိမ်းမှောက်ခဲ့တာလို့ သိရပါတယ်။ ဖြစ်စဉ်အတွင်း လူနာရော လူနာစောင့်ပါ နေရာတင်သေဆုံးခဲ့ပြီး ယာဉ်ပေါ်ပါ ပရဟိတအသင်းသား သုံးဦး ပြင်းထန်ဒဏ်ရာ တွေရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဖြစ်စဉ်အတွင်း သေဆုံးခဲ့တဲ့ အသက် ၅၀အရွယ် လူနာအမျိုးသားနဲ့ အသက် ၅၄နှစ်အရွယ် အမျိုးသမီးတို့ရဲ့ ရုပ်အလောင်းတွေကို ရဲဆေးစာနဲ့အတူ မြို့ချောင်းတိုက်နယ်ဆေးရုံဆီ ပို့ဆောင်ပေးခဲ့ပြီး
၊ ဒဏ်ရာပြင်းထန်စွာရရှိခဲ့တဲ့ လူနာသုံးဦးကို ရန်ကုန်ဆေးရုံကြီးဆီ အရေးပေါ် လွှဲပြောင်းကုသမှုခံယူစေခဲ့စဉ် ဆေးရုံအရောက် ပရဟိတအသင်းမှ အသက် ၁၈ နှစ်အရွယ်အမျိုးသမီးငယ် ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။





ယာဉ်ကို မဆင်မခြင်ပေါ့ဆစွာ မောင်းနှင်မှုကြောင့် ယာဉ်တိုက်မှု ဖြစ်ပွားကာ လူသေဆုံး/ထိခိုက်ဒဏ်ရာရရှိစေသူ ယာဉ်မောင်း သိန်းဇော်ဦး (၃၀)နှစ်ကို ဥပဒေအရ မြို့ချောင်းရဲစခန်းက ယာဉ်(ပ)၆/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ အရ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူထံကနေ သိရှိရပါတယ်။
ဒုတိယ ဖြစ်စဉ်တစ်ခုက ရန်ကုန် -နေပြည်တော် အမြန်လမ်းပေါ်မှာပဲ နေ့လည် ၁၁ နာရီ ဝန်းကျင်မှာဖြစ်ပွားခဲ့တာပါ။ အိမ်စီးယာဉ်ငယ်တစ်စီးဟာ ယာဉ်မောင်းအိပ်ငိုက်ရာက လမ်းဘေးအရံအတားသံတန်းကို ဝင်ရောက်တိုက်မိပြီး၊ လျောစောက်ရှိတဲ့ချောက်အတွင်းပြုတ်ကျခဲ့တဲ့ဖြစ်စဉ် ရန်ကုန်-နေပြည်တော်လမ်းဘက်ခြမ်း အမြန်လမ်းမကြီးမိုင်တိုင်အမှတ်(၁၉၃/၆-၇)ဖာလုံအကြားမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
အဆိုပါယာဉ်မတော်တဆမှုဖြစ်ပွားတဲ့ယာဉ်အမျိုးအစားက Toyota Harrier Lexus အနက်ရောင်ယာဉ်လို့ သိရှိရပြီး ယာဉ်ပေါ်မှာ အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦး စုစုပေါင်း သုံးဦးလိုက်ပါလာတယ်လို့ သိရပါတယ်။ ယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်းရဲ့ဇနီးတော်စပ်သူ အသက် ၅၆ နှစ်အရွယ် အမျိုးသမီး ဝဲနားထင်ဖူးယောင်၊ ဝဲလက်ကျိုး၊ ရင်ဘတ် ဖူးယောင်၊ နောက်စေ့ဖူးယောင် ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာတင် သေဆုံးသွားခဲ့ပြီး အမျိုးသားနှစ်ဦးမှာတော့ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ဘူးလို့ သိရပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို နေပြည်တော် ကုတင် (၁၀၀၀)ဆေးရုံဆီ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်စဉ်နဲ့ ပတ်သက်လို့ မော်တော်ယာဉ်ကို ပေါ့လျော့စွာ၊ မဆင်မခြင်၊ မောင်းနှင်မှုကြောင့် ယာဉ်မတော်တဆမှုဖြစ်ပွားစေပြီး လူသေဆုံးစေသူ ယာဉ်မောင်း အောင်မိုးကို ပလွေးရဲစခန်းမှ ယာဉ်(ပ) ၂/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ-၃၀၄-က အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ် ။
နောက်ထပ်ဖြစ်စဉ်က တော့ နေပြည်တော် – ရန်ကုန် လမ်းပိုင်းအမြန်လမ်းမကြီး မိုင်တိုင်(၃၃/၀)နဲ့ (၃၂/၇) အကြားမှာ ညနေ ငါးနာရီကျော် အချိန်ခန့်က ဖြစ်ပွားခဲ့တာလို့သိရပါတယ်။ အဆိုပါ မတော်တဆမှု ဖြစ်ပွားတဲ့ယာဉ်မှာ ဟိုက်ဂျက် အဖြူရောင်ယာဉ်ဖြစ်ပြီး နေပြည်တော်ဘက်ကနေ ရန်ကုန်ဘက်ကို မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ် ရောက်ရှိတိမ်းမှောက်ခဲ့တာလို့ သိရပါတယ်။
ယာဉ်ပေါ်မှာ ယာဉ်မောင်းအပါ အမျိုးသား(၅)ဦး၊ အမျိုးသမီး (၅)ဦး၊ စုစုပေါင်း(၁၀)ဦးတို့ လိုက်ပါလာပြီး အသက် ခြောက်ဆယ်ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦး စိုးရိမ်ရဒဏ်ရာတွေရရှိကာ ကျန်သူတွေမှာ မစိုးရဒဏ်ရာတွေသာရရှိခဲ့ပြီး ယာဉ်ရဲ့ရှေ့ခန်းကနေ လိုက်ပါလာတဲ့ အသက် ဆယ့်တစ်နှစ်အရွယ် ယောက်ျားလေးနှစ်ဦးမှာတော့ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘူးလို့ သိရပါတယ်။
ဖြစ်စဉ်မှာ ယာဉ်ကို မဆင်မခြင်မောင်းနှင်သူ စိုးမိုးအောင် အသက် ၃၇ နှစ်ကို ဘောနတ်ကြီးရဲစခန်းက ယာဉ်(ပ)၃/၂ဝ၂၅၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၂၇၉/၃၃၇/၃၃၈ အရ အမှုရေးဖွင့်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။