
၁၆.၃.၂၀၂၅
Written by KL
အမြန်လမ်းမကြီး၊မိုင်တိုင် ၉၇/၅ နှင့် ၉၇/၆ အကြားတွင် ယနေ့ မတ်လ ၁၆ ရက် နံနက် ၉ နာရီခွဲခန့်က အောင်ဇေလူမှုကူညီရေးအသင်းမှ လူနာတင်ယာဥ်သည် လမ်းဖြတ်ကူးသော ခွေးကို တိမ်းရှောင်ရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းမှအပင်များကို တိုက်မိရာက လူနာနှင့်လူနာစောင့် သေဆုံးကာ အသင်းဝင် ၃ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှ သိရသည်။

လူနာတင်ယာဥ်မှာ ယာဥ်မောင်းအပါအဝင် အသင်းဝင် ၃ ဦးနှင့် လူနာ အမျိုးသား၊ လူနာစောင့် အမျိုးသမီးတို့ လိုက်ပါလာခဲ့ပြီး ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာစဥ် လမ်းခုလတ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
လူနာတင်ယာဥ်မှာ လမ်းဖြတ်ကူးသည့်ခွေးကို ရုတ်တရက်တိမ်းရှောင်ရာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ထန်းပင် ၄ ပင်နှင့် ခရေပင်တို့ကို ဝင်တိုက်ကာ မော်တော်ယာဥ်မှာ လိမ့်ကာ လမ်းလယ်ကျွန်းတွင် ရပ်တန့်သွားခဲ့ကြောင်းသိရသည်။
” လူနာတင်ယာဥ်က သုံးပတ်၊ လေးပတ်လိမ့်ပြီး လမ်းလယ်ကျွန်းမှာ ကန့်လန့်ဖြတ် ရပ်သွားတာ။ လူနာနဲ့လူနာစောင့်က ဆုံးသွားတယ်”ဟု ကယ်ဆယ်ရေးတွင် ပါဝင်သူတစ်ဦးကပြောသည်။

ယာဥ်တိုက်မှုကြောင့် အသက် ၅၀ အရွယ် လူနာအမျိုးသားတွင် နဖူးသွေးထွက်ပေါက်ပြဲ၊ ညာဒူးပွန်းခြစ်ဒဏ်ရာနှင့် အသက် ၅၄ နှစ်အရွယ် လူနာစောင့် အမျိုးသမီးတွင် နဖူးသွေးထွက်ပေါက်ပြဲ၊နှာခေါင်းသွေးထွက်ဒဏ်ရာ၊ ဝမ်းဗိုက်၊ ဘယ်နှင့်ညာခြေခုံပွန်းခြစ်၊ ညာခြေသလုံးပွန်းခြစ်ဒဏ်ရာတို့ရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူမှာ အောင်ဇေလူမှုကူညီရေးအသင်းမှ အသက် ၃၀ အရွယ် ယာဥ်မောင်း အမျိုးသားတွင် ဦးခေါင်းညာဘက်ဖူးယောင်ပွန်းခြစ်ဒဏ်ရာ၊ညာပခုံးနာကျင်ဒဏ်ရာ၊ ခါးပေါက်ပြဲ နာကျင်ဒဏ်ရာ (စိုးရိမ်ရ)၊ အသက် ၁၇ နှစ်အရွယ် မိန်းကလေးတွင် သတိမရဘဲ လည်ပင်းဘယ်ဘက် ညိုမဲပွန်းခြစ် ဘယ်ချိုစောင်းဖူးယောင်
ဒဏ်ရာ၊ ဘယ်မျက်ခုံးနှင့်ပါးရိုး ညိုမဲ၊ လက်ခုံပွန်းခြစ်ဒဏ်ရာ(စိုးရိမ်ရ)၊ အသက်၂၄ နှစ်အရွယ် အမျိုးသားတွင် ညာချိုစောင်းပေါက်ပြဲ၊ ဘယ်မျက်လုံးဖူးယောင်ညိုမဲ၊ ဝမ်းဗိုက်အောင့်၊ညာလက်ခုံပွန်းခြစ်ဒဏ်ရာများ(စိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။
လူနာတင်ယာဥ်မှာ ခေါင်ပိုင်းကြေမွကာ၊ရှေ့နောက်လေကာမှန်များကွဲအက်ပြီး တစ်စီးလုံးနီးပါးပိန်ချိုင့်ခဲ့သဖြင့် လူသေဆုံးမှုနှင့်ဒဏ်ရာရရှိမှုများဖြစ်ပွားခဲ့သောကြောင့် လူမှုကူညီရေးအသင်းမှ အသက် ၃၀ အရွယ် ယာဥ်မောင်း ကိုသိန်းဇော်ဦးကို မြို့ချောင်းအမြန်လမ်းရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
မတ်လ ၁၄ ရက် မွန်းလွဲ ၃ နာရီကျော်ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ သခင်မြပန်းခြံမီးပွိုင့်အနီးတွင် ရန်ကုန်ဆေးရုံကြီးမှ နေရပ်ပြန်လူနာ လာရောက်ခေါ်ဆောင်သည့် ပရဟိတအသင်း လူနာတင်ကားတစ်စီး အရှိန်လွန်ကာသစ်ပင်ဝင်တိုက်ခဲ့မှုကြောင့် လူနာသေဆုံးပြီး ယာဉ်ပေါ်ပါသူ လူငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။