
၁၆.၃.၂၀၂၅
Written By Zun
လာမည့် မတ်လ ၁၈ ရက်နောက်ပိုင်း မြဝတီ-မဲဆောက် ချစ်ကြည်ရေးအမှတ်(၁)တံတားပေါ်မှ လိုင်စင်မဲ့ ယာဉ်များဖြတ်သန်းမောင်းနှင်ပါက ထောင် ၃ နှစ် ချမှတ်ခံရမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။
ယင်းကြေညာချက်တွင် နယ်မြေဒေသလုံခြုံရေးနှင့် တစ်ဘက်နိုင်ငံ(ထိုင်းနိုင်ငံ)အတွင်း ယာဉ်မတော်တဆ မှုများဖြစ်ပွားမှု လျှော့ချနိုင်ရေးအတွက် လိုင်စင်မဲ့မော်တော်ယာဉ်များကို တံတားမှ ဖြတ်သန်းသွားလာခြင်းမပြုကြောင်း အသိပေး ကြေညာချက်တွင် ဖော်ပြထားသည်။
ယင်းကြောင့် မတ်လ ၁၂ ရက်မှ ၁၈ ရက်အတွင်း တစ်ပတ်ကို ပညာပေးကာလအဖြစ်သတ်မှတ်ထားပြီး လိုင် စင်မဲ့ယာဉ်များကို စိစစ်သွားမည် ဖြစ်ပြီး စိစစ်တွေ့ရှိပါက တံတားဖြတ်သန်းခွင့်မပြုဘဲ ပြန်လည်စေလွှတ်သွား မည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ပညာပေးကာလ ကျော်လွန်လျှင် လိုင်စင်မဲ့မော်တော်ယာဉ်များ ဖြတ်သန်းသွားလာမှု စစ်ဆေးတွေ့ရှိလျှင် ၂ဝ၂ဝ ပြည့်နှစ်၊ ပြည်ထောင်စု ဥပဒေအမှတ်(၆)၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲ မှုဥပဒေပုဒ်မ ၉၅ အရ အမှုဖွင့် အရေးယူခြင်းခံရမည်ဖြစ်ကြောင်းလည်း အသိပေးထားကြောင်း သိရသည်။
ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၉၅ တွင် မည်သူမဆို ပုဒ်မ ၈၅ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။
ပုဒ်မ ၈၅ ပါ တားမြစ်ချက် ဆိုသည်မှာ (က) မှတ်ပုံတင်ထားခြင်းမရှိသော မော်တော်ယာဉ်ကို သီးခြား ခွင့်ပြု ထားသောနေရာမှအပ အများပြည်သူဆိုင်ရာနေရာ အပါအဝင် မည်သည့်နေရာတွင်မျှ မောင်းနှင်ခြင်း၊ မောင်နှင်စေခြင်း သို့မဟုတ် ရပ်နားထားခြင်းမပြုရ၊ (ခ) ဦးစီးဌာနက ထုတ်ပေးသည့် စာတမ်းအမှတ် အသားကို မှတ်ပုံ တင်ထားခြင်းမရှိသော မော်တော်ယာဉ်တွင် ပြောင်းလဲအသုံးပြုခြင်း သို့မဟုတ် အသုံးပြုစေခြင်းမပြုရ၊ (ဂ) ဥပဒေနှင့်အညီ အခွင့်အာဏာမရှိဘဲ သို့မဟုတ် ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ မော်တော်ယာဉ်၏ မူလအမျိုးအမည်၊ ရုပ်သဏ္ဌာန်ပျက်ပြားစေသည်အထိ ပြုပြင်ပြောင်းလဲခြင်း မော်တော်ယာဉ်စစ်ဆေးချက် သက် သေခံလက်မှတ်ပါ အနေအထားများကို ပြုပြင်ပြောင်းလဲခြင်းမပြုရ၊ (ဃ)ဦးစီးဌာနကထုတ်ပေးသည့် ယာဉ်မောင်း လိုင်စင်၊ ယာဉ်အကူလိုင်စင်၊ အပြည်ပြည်ဆိုင်ရာ ယာဉ်မောင်းနှင်ခွင့်လက်မှတ်၊ ယာယီယာဉ်မောင်းနှင်ခွင့် လက်မှတ်၊ မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ်၊ မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်၊ မော်တော်ယာဉ် စစ်ဆေးချက် သက်သေခံလက်မှတ်၊ မော်တော်ယာဉ်စစ်ဆေးပြီးကြောင်း အထောက်အထား၊ မော်တော်ယာဉ် မှတ် ပုံတင်နံပါတ်ပြား၊ယာယီမှတ်ပုံတင် သက်သေခံလက်မှတ်၊ ယာယီမှတ်ပုံတင်အမှတ်အသား၊ လုပ်ငန်းလိုင်စင်တို့နှင့် အခြားအထောက်အထားများကိုလိမ်လည်အတုပြုထားသည့် စာတမ်းအမှတ်အသားဖြစ်ကြောင်း သိလျက်နှင့်လည်းကောင်း၊ ထိုသို့ဖြစ်ကြောင်း ယုံကြည်ရန် အကြောင်းရှိလျက်နှင့်လည်းကောင်း အစစ်အမှန်အနေဖြင့် အသုံးမပြုရ ဟူ၍ ဖော်ပြထားခြင်း ဖြစ်သည်။