တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအဖြစ် ကြိုးပမ်းတည်ဆောက်နေရာ၌ တိုင်းရင်းသားပြည်သူအားလုံး၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီးကြောင်း SAC ဥက္ကဋ္ဌ ပြောကြား






၁၆. ၃. ၂၀၂၅
Written by Nyein Kyaw
၂၀၂၅ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သဘင်ဆောင်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားပြီး ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းသည်။
ယနေ့ ကျင်းပသည့် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့)နှင့် မတ်လ ၂ ရက် (တောင်သူလယ်သမားနေ့)တို့တွင် အမိန့်ကြော်ငြာစာထုတ်ပြန်ပြီးဖြစ်သည့် စည်သူဘွဲ့ ၁၃ ဦး၊ သူရဘွဲ့ ၃ ဦး၊ ဇေယျကျော်ထင်ဘွဲ့ ၁၇ ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ ၁၄ ဦး၊ အလင်္ကာကျော်စွာဘွဲ့ ၁ ဦး၊ သိပ္ပံကျော်စွာဘွဲ့ ၂ ဦး၊ စုစုပေါင်း ၅၀ ဦးကို သက်ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ များ ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံဖြစ်စေရန် ဘက်စုံထောင့်စုံက ကြိုးပမ်းတည်ဆောက်နေရာ၌ ပြည်ထောင်စုဖွား တိုင်းရင်းသား ပြည်သူအားလုံး၏ အင်အားသည် အဓိကကျပြီး အားလုံး၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီးကြောင်း၊ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ ပြည်သူတစ်ဦးချင်းစီက စိတ်ဓာတ်၊ အသိအမြင်၊ ကာယဉာဏစွမ်းအားများနှင့် ပူးပေါင်းပါဝင်မှု အင်အားဖြင့်သာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
အားလုံးသိရှိပြီးဖြစ်သည့်အတိုင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပနိုင်ရန်အတွက် လိုအပ်သည့် ပြင်ဆင်မှုများကိုလည်း စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ လွတ်လပ်ပြီးတရားမျှတသည့် အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပပြုလုပ်ပေး သွားမည်ဖြစ်သည့်အတွက် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အစိုးရနှင့်ပြည်သူ တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်သည်ကို ပြောကြားလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။