
၁၆.၃.၂၀၂၅
Written By Zun
ယမန်နေ့ နံနက်က ဘန်ကောက်မြို့တွင် ဆောက်လက်စ မိုးပျံတံတား ပြိုကျရာ၌ သေဆုံးသည့်အလုပ်သမား ၇ ဦးထဲတွင် မြန်မာအလုပ်သမား ၂ ဦး ပါဝင်ခဲ့ပြီးနောက် ယခုအခါ တစ်ဦးထပ်မံပျောက်ဆုံးနေ၍ ရှာဖွေနေကြကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဖလန်ဆောင် (၂)၊ လမ်းသွယ် ၁၇ တွင် ယမန်နေ့ မတ်လ ၁၅ ရက် နံနက် ၁ နာရီ ၄၈ မိနစ်ခန့်က ဆောက်လက်စ မိုးပျံတံတား (Dao Khanong Expressway တံတား) ပြိုကျရာတွင်သေဆုံးကြောင်း အတည်ပြုထားသည့် မြန်မာအလုပ်သမားနှစ်ဦးမှာ ကိုဇင်ကိုအောင်နှင့် ကိုနိုင်လင်းအောင်တို့ဖြစ်ကြောင်း
MT News က ဖော်ပြခဲ့ပြီး ဖြစ်သည်။
ယခုပျောက်ဆုံး၍ရှာဖွေနေကြသော မြန်မာအလုပ်သမားမှာ အသက် ၂၂ နှစ်အရွယ် ကိုထိုက်ဝေယံဆိုသူဖြစ်ပြီး ၎င်း၏လွယ်အိတ်နှင့်ဖုန်းကိုသာ ရှာဖွေတွေ့ရှိသေးကြောင်း သိရသည်။
ယခုအခါ အဆိုပါပျောက်ဆုံးအလုပ်သမားကိုလူမှုကယ်ဆယ်ရေးအဖွဲ့များက ဆက်လက်ရှာဖွေမှုများပြုလုပ်နေကြောင်း သိရသည်။
ယမန်နေ့ကဖြစ်ပွားခဲ့သည့် ဆောက်လုပ်နေဆဲ မိုးပျံတံတား ပြိုကျမှုဖြစ်စဉ်အတွင်း မြန်မာအလုပ်သမား ကိုဇင်ကိုအောင်နှင့် ကိုနိုင်လင်းအောင်တို့ ၂ ဦး အပါအဝင် ထိုင်းအလုပ်သမား ၅ ဦး သေဆုံးပြီး၊ ၂၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နိုင်ဝင်ဘာလ ၂၉ ရက်ကလည်း အဆိုပါ မိုးပျံတံတား ဆောက်လုပ်ရေးစီမံကိန်းတွင် တံတားပြိုကျမှုဖြစ်ပွားခဲ့ရာ မြန်မာလုပ်သား ၄ ဦး အပါအဝင် ၆ ဦးသေဆုံးပြီး ၁၁ ဦးထိခိုက်ဒဏ်ရာရသည့် ဖြစ် စဉ် ဖြစ်ပွားခဲ့သေးသည်။