၁၉. ၁. ၂၀၂၃
translated by Htwe Ko Tun
နယူးဇီလန်နိုင်ငံဝန်ကြီးချုပ် မစ္စက် ဂျာစင်ဒါ အာဒန်က ၎င်းအနေဖြင့် ခေါင်းဆောင်တစ်ဦးအနေနှင့် ဆက်လက်ဆောင်ရွက်ရန် ထိုက်တန်မှုမရှိတော့ပါကြောင်းနှင့် ဖေဖော်ဝါရီလအတွင်း ရာထူးမှ နုတ်ထွက်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၉ ရက်တွင် ကြေညာခဲ့သည်။
၎င်းက “ကျွန်မ ကြာရှည်သမျှအကြာရှည်ဆုံးနဲ့ အတတ်နိုင်ဆုံးဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ထပ်လေးနှစ်အတွက် ခေါင်းဆောင်တစ်ဦးအနေနဲ့ ဆက်လက်ဆောင်ရွက်ဖို့ ကျွန်မထိုက်တန်မှုမရှိတော့ပါဘူး” ဟု လေဘာပါတီအစည်းအဝေးတစ်ရပ်တွင် ပြောကြားခဲ့သည်။
အာဒန် က ၂၀၁၇ ခုနှစ်တွင် ညွန့်ပေါင်းအစိုးရ၏ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ယူခဲ့ကာ သုံးနှစ်ခန့်အကြာ ရွေးကောက်ပွဲတစ်ခုတွင် ၎င်း၏ ဗဟိုလက်ဝဲယိမ်းလေဘာပါတီက အနိုင်ရခဲ့၍ လေဘာပါတီအစိုးရ၏ ဝန်ကြီးချုပ်ဖြစ်ခဲ့သည်။ ဝန်ကြီးချုပ်ကာလအတွင်း မွတ်ဆလင်တို့၏ဗလီနှစ်ခုကို အကြမ်းဖက်တိုက်ခိုက်မှုနှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးကြိုးပမ်းချက်များအတွက် အာဒန်အား နိုင်ငံတကာက ချီးကျူးမှုများပြုခဲ့ကြသည်။ သို့သော် အာဒန်နှင့် ၎င်း၏လေဘာပါတီအပေါ် လူကြိုက်များမှုက ငွေဖောင်းပွမှုမြင့်တက်လာခြင်းနှင့် ရာဇဝတ်မှုဖြစ်ပွားမှုနှုန်းမြင့်တက်လာမှုအပေါ် ကြောက်ရွံ့မှုများကြောင့် မကြာမီလပိုင်းများက ကျဆင်းလာခဲ့သည်။
နောက်တစ်ကြိမ် အထွေထွေရွေးကောက်ပွဲသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၄ ရက်တွင် ကျင်းပသွားရန်ရှိသည်။ အာဒန်က ရွေးကောက်ပွဲကျင်းပသည်အထိ ဥပဒေပြု အမတ်တစ်ဦးအဖြစ် ဆက်လက်ရှိနေမည်ဟုပြောခဲ့သည်။ မကြာမီက ပြုလုပ်ခဲ့သော ဆန္ဒသဘောထားကောက်ခံချက်များအရ လာမည့်ရွေးကောက်ပွဲတွင် ဗဟိုလက်ယာယိမ်းဝါဒီ National ပါတီနှင့် Act ပါတီများ၏ ညွန့်ပေါင်းအစိုးရက အနိုင်ရရှိမည်ဟု ဖော်ပြနေသော်လည်း အာဒန်က ၎င်းနှုတ်ထွက်ရခြင်းမှာ ထိုအကြောင်းကြောင့် မဟုတ်ကြောင်းပြောခဲ့သည်။
အာဒန်က “ကျွန်မနုတ်ထွက်ရခြင်းက ခုလိုဝန်ကြီးချုပ်နေရာမျိုးဟာ ထမ်းဆောင်ရခြင်းဟာ တာဝန်အလွန်ကြီးမားပါတယ်။ ဒီလိုနေရာမျိုးကို ကိုယ်မထမ်းဆောင်နိုင်ဘူးဆိုရင် သင့်တော်မှန်ကန်တဲ့သူကို ပြောင်းပေးသင့်တယ်ထင်လို့ နုတ်ထွက်ရခြင်းပါ” ဟု ပြောကြားသွားခဲ့သည်။
Ref—Bangkok Post