၁၆. ၃. ၂၀၂၅
Written by Tha Doe

ဒေါ်လာတစ်ဘီလျံခန့် နှစ်စဥ်ဖြုန်းတီးဝါဒဖြန့်တဲ့ အမေရိကန်အစိုးရဟောင်းအစဥ်အဆက် ဩဇာခံ VOA နဲ့ RFA အပါအဝင် မီဒီယာတွေရဲ့အသုံးစရိတ် လည်ပတ်မှုကို အမေရိကန် သမ္မတသစ် ထရမ့်ပ်က ဖြတ်တောက်လိုက်ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်မှာ သမ္မတသစ်ထရမ့်ပ်ရဲ့ DOGE အကြီးအကဲ ဘီလျံနာ အီလွန်မတ်ခ်က အမေရိကန်အစိုးရ ငွေကြေးထောက်ပံ့ထားတဲ့ သတင်းဌာနတွေဖြစ်တဲ့ Radio Free Europe နဲ့ Voice of America (VOA) တို့ကို ပိတ်ပစ်ဖို့ တောင်းဆိုခဲ့အပြီး သက်ရောက်မှုလည်း ဖြစ်ပါတယ်။
ထရမ့်ပ်ရဲ့ ညွှန်ကြားမှုအသစ်က အမေရိကန်အခြေစိုက် အမေရိကန်အသံ VOA နဲ့ လွတ်လပ်တဲ့ အာရှအသံ RFA သတင်းဌာနတွေက မြန်မာဘာသာစကား အစီအစဥ်တွေ အပါအဝင် ဘာသာစကား အမျိုးမျိုးနဲ့ တင်ဆက်နေတဲ့ သတင်းထုတ်လွှင့်မှုတွေ အပေါ် တိုက်ရိုက် ထိခိုက် သက်ရောက်လာတဲ့ သမ္မတအမိန့်ဖြစ်ပြီး ဒီအမိန့်ကို အမေရိကန် သမ္မတသစ် ဒေါ်နယ်ထရမ့်ပ်က မနေ့က လက်မှတ်ထိုး အတည်ပြုလိုက်တာလို့ BBC သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဒီအတည်ပြုမူက သတင်းဌာနတွေကို စီမံကိုင်တွယ်တဲ့ ဂလိုဘယ်မီဒီယာအစိုးရ အေဂျင်စီ (USAGM) နဲ့ တခြား အစိုးရ အေဂျင်စီ ၆ ခု ရဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေကို အနည်းဆုံးဖြစ်အောင် ထားရမယ် ဆိုတဲ့ ညွှန်ကြားချက်လို့လည်း သိရပါတယ်။
ဒီဖြစ်ရပ်ရဲ့ အစဟာ အထူးတာဝန်တွေဆိုင်ရာ အမေရိကန်သမ္မတရဲ့ အထူးသံတမန် ရစ်ချဒ် ဂရီနယ်လ်က ဖေဖော်ဝါရီလ ၉ ရက်မှာ “Radio Free Europe နဲ့ Voice of America တို့က အမေရိကန်အခွန်ထမ်းတွေက ပေးဆောင်ငွေတွေနဲ့ လည်ပတ်နေတာပါ။ သူတို့က တကယ်တော့ နိုင်ငံပိုင်မီဒီယာတွေပါ။ ဒီသတင်းဌာနတွေက လက်ဝဲစွန်းရောက်လှုပ်ရှားတက်ကြွသူတွေနဲ့ ခုတော့ပြည့်နေတယ်။ ကျွန်တော် ဒီဌာနတွေက သတင်းထောက်တွေနဲ့ ဆယ်စုနှစ်နဲ့ချီ အတူတူလုပ်ဖူးတယ်။ ဒါတွေက အတိတ်ရဲ့အမွေအနှစ်တွေလို့လည်း ဆိုရမယ်။ ဒီလို အစိုးရက ထောက်ပံ့နေရတဲ့ သတင်းဌာနတွေ ကျွန်တော်တို့မလိုပါဘူး” လို့ ဆိုခဲ့ပါတယ်။
ရစ်ချဒ်ဂရီနယ်လ်ရဲ့ ဒီ မှတ်ချက်တွေကို မဆိုင်းမတွ အလိုက်သင့် တုံ့ပြန်တဲ့အနေနဲ့ အီလွန်မတ်ခ်က လူမှုကွန်ရက် X မှာ ဖေဖော်ဝါရီ ၉ ရက်ကပဲ “မှန်တယ်၊ သူတို့ကို ပိတ်ပစ်ရမယ်။ ဥရောပဟာ အခုဆိုရင် လွတ်လပ်နေတာပါ။ ဘယ်သူကမှ ဗျူရိုကရေစီကို ထိန်းချုပ်နေတာလည်းမဟုတ်ဘူး။ သူတို့ပြောတာတွေလည်း ဘယ်သူမှ နားမထောင်ဘူး။ အမေရိကန်အခွန်ထမ်းပြည်သူတွေရဲ့ အခွန်ငွေ တစ်ဘီလျံလောက်ကို နှစ်စဉ်မီးရှို့သလိုပဲ။ သူတို့ကို ပံ့ပိုးနေရချိန်မှာ သူတို့ကတော့ ကိုယ့်ကိုယ်ကိုယ် စကားပြောနေတဲ့ အစွန်းရောက်အရူးတွေလိုပါပဲ” လို့ ရေးခဲ့ပြီး အီလွန်မတ်ခ်နဲ့ ရစ်ချတ် ဂရီနယ်လ် တို့နှစ်ဦးစလုံးက အစိုးရကနေ သတင်းဌာနအဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့မှုကို ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြပါတယ်။ အခွန်ထမ်းပြည်သူတွေရဲ့ ပေးဆောင်ငွေကို ဒီလိုသတင်းဌာနတွေကို မထောက်ပံ့သင့်ဘူးလို့လည်း ဆိုခဲ့ကြပါတယ်။
အမေရိကန်အစိုးရရဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးဌာန(DOGE) ရဲ့ အကြီးအကဲအဖြစ်တာဝန်ယူထားတဲ့ အီလွန်မတ်စ်ခ် က Politico, AP နဲ့ New York Times လို သတင်းဌာနတွေကို ပြည်ထောင်စုထောက်ပံ့ကြေးငွေတွေ ပေးဆောင်မှုကိုလည်း ဝေဖန်ခဲ့ပါတယ်။ မတ်ခ်က ဒီသတင်းဌာနတွေဟာ အခွန်ထမ်း ပြည်သူတွေရဲ့ထောက်ပံ့ငွေတွေကို ထိရောက်မှုမရှိတဲ့ အသုံးပြုမှုတွေပြုလုပ်နေတယ်လို့ မှတ်ယူရမှာဖြစ်ပြီး သူတို့ကို ရှင်းလင်းပစ်ရမယ်လို့ ဆိုခဲ့ပါတယ်။
ဒီလိုပါပဲ အထူးတာဝန်တွေဆိုင်ရာ အမေရိကန်သမ္မတရဲ့ အထူးသံတမန် ရစ်ချဒ်ဂရီနယ်လ်ကလည်း အစိုးရက မီဒီယာလှူဒါန်းငွေတွေ အသုံးချနေမှုကို လူသိရှင်ကြား ရှုတ်ချမှုပြုခဲ့ပြီး အဲဒီလိုထောက်ပံ့ငွေတွေ ချက်ချင်းရပ်ဆိုင်းရမယ်လို့ မတ်ခ်ရဲ့ လေသံအတိုင်း ပြောကြားခဲ့ပါတယ်။
အခုအခါမှာ ထရမ့်ပ်ရဲ့အစိုးရက Politico လို မီဒီယာတွေကို လှူဒါန်းငွေတွေရပ်ဆိုင်းဖို့ ဆောင်ရွက်မှုတွေပြုလုပ်နေတာနဲ့အတူ အစိုးရကထောက်ပံ့မှုပြုထားတဲ့ သတင်းဌာနတွေနဲ့ပတ်သက်လို့ ပိုမိုကျယ်ပြန့်တဲ့အငြင်းပွားမှုနဲ့ စိစစ်မှုတွေဖြစ်နေချိန်မှာပဲ ခုလို ဖြတ်တောက်မှုတွေ ဖြစ်လာတာပါ။
Myanmar Now ရဲ့ သတင်းတစ်ရပ်မှာတော့ “အမေရိကန်အစိုးရထောက်ပံ့တဲ့သတင်းဌာနတွေကို အုပ်ချုပ်တဲ့ U.S. Agency for Global Media (USAGM) အဖွဲ့ဟာ မီဒီယာဆိုင်ရာ လုပ်ငန်းဌာန ၆ ခုကို ငွေကြေးထောက်ပံ့ထားပြီး ဒီ ၆ ခုက (၁) VOA သတင်းဌာန၊ (၂) လွတ်လပ်တဲ့ဥရောပအသံ သတင်းဌာန (Radio Free Europe/Radio Liberty – RFE/RL) (၃) ကျူးဘားအသံလွှင့်ဌာန (Office of Cuba Broadcasting) (၄) (လွတ်လပ်တဲ့အာရှအသံ သတင်းဌာန Radio Free Asia – RFA) (၅) အရှေ့အလယ်ပိုင်း သတင်းထုတ်လွှင့်မှုကွန်ရက် (Middle East Broadcasting Networks – MBN) (၆) ပွင့်လင်း နည်းပညာ ရန်ပုံငွေအဖွဲ့ (Open Technology Fund – OTF) တို့ဖြစ်တယ်လို့ ဖော်ပြခဲ့ပြီး ဒီဌာနတွေက တစ်နှစ်ကို ဒေါ်လာ သန်း ၉၀၀ ကျော် နှစ်စဥ်ဖြုန်းတီးပြီး မမှန်သတင်းတွေနဲ့ ကမ္ဘာကို ဝါဒဖြန့်ချိခဲ့တာပါ။
ဒီနှစ်အတွက် အသုံးစရိတ်တွေမှာဆိုရင် VOA သတင်းဌာနအတွက် ဒေါ်လာ သန်း ၃၀၀၊ RFE/RL သတင်းဌာနအတွက် ၁၅၃ သန်းရှိပြီး RFA ကလည်း ဒီနှစ်မှာ ဒေါ်လာ ၇၁ သန်းရမှာဖြစ်လို့ ဒီမီဒီယာ ၇ ခုကို အမေရိကန်အစိုးရရဲ့ ဒီနှစ်ဖြုန်းတီးစရိတ်က ဒေါ်လာ သန်း ၉၅၀ ရှိနေပမဲ့ အခုတော့ ဒီဖြုန်းတီးမှုတွေ ရပ်တန့်တော့မှာပါ။
လက်ရှိမှာတော့ VOA မြန်မာပိုင်းမှာ အချိန်ပြည့် အစိုးရဝန်ထမ်းအဖြစ် အလုပ် လုပ်ကိုင်နေသူတွေဆီ အလုပ်ကနေ ချက်ခြင်း ခွင့်ပေးပြီး၊ ရုံးကို လာရောက်စရာ မလိုတဲ့ ညွှန်ကြားချက် အီးမေးလ်တွေ ရရှိလာသလို ရုံးထဲမှာ ရှိနှင့်နေသူတွေထဲကလည်း အီးမေးလ်ဝင်လာတဲ့သူတွေ ရုံးကနေ ထွက်ခွာပေးရတဲ့အဆင့်အထိကို ညွှန်ကြားချက်က သက်ရောက်ပြင်းထန်ခဲ့ပါတယ်။
ဒီညွှန်ကြားချက်ကြောင့် VOA မြန်မာပိုင်းရဲ့ ဆိုရှယ်မီဒီယာနဲ့ ဝက်ဘ်ဆိုက်တို့ ပေါ်ကနေ ဝါဒဖြန့် တိုက်ရိုက် ထုတ်လွှင့်မှု အစီအစဥ်တို့ကိုလည်း ကြည့်ရှုသူတွေ ယာယီ မမြင်နိုင်ကြတော့သလို ပြီးခဲ့တဲ့ ၈ နာရီကလည်း VOA မြန်မာပိုင်းအစီအစဥ်ခဏရပ်ဆိုင်းမယ်လို့ အသိပေးခဲ့ပါတယ်။
အချိန်ပြည့် အစိုးရဝန်ထမ်း မဟုတ်ဘဲ စာချုပ်နဲ့ အလုပ်လုပ်ကိုင်သူထံ ဘယ်လို ညွှန်ကြားချက် အီးမေးလ်မှ ဝင်မလာသေးဘူးဆိုပြီး ပြောသူ ရှိသလို ဒီညွန်ကြားချက်မှာ သတင်းဌာနတွေကို စီမံခန့်ခွဲတဲ့ USAGM အပြင် တခြား ပစ်မှတ်ထားခံရတဲ့ ဗဟိုအစိုးရ အေဂျင်စီ ဌာနတွေထဲမှာ ပြတိုက်နဲ့ စာကြည့်တိုက် အင်စတီကျုလိုမျိုး၊ အိုးမဲ့အိမ်မဲ့ ပြဿနာကို ကိုင်တွယ်ရေး အစိုးရဌာနတွေကြား ပူးပေါင်းဆောင်ရွက်တဲ့ ကောင်စီလိုမျိုး ဌာနတွေ ပါဝင်တယ်လို့လည်း BBC က ပြောပါတယ်။
သမ္မတထရမ့်ပ် အမိန့်ထဲမှာ အဲဒီ အစိုးရ အေဂျင်စီ ဌာနတွေ အနေနဲ့ လည်ပတ်လို့ ရနိုင်ရုံ အနေအထားထိအောင်၊ လုပ်ကိုင် လှုပ်ရှားနေတဲ့ အော်ပရေးရှင်းတွေကို လျှော့ချရမယ်လို့ ဆိုထားပါတယ်။ အဲဒီ အဓိပ္ပာယ်ဟာ ဌာနတွေကို လုံးဝ ဖျက်သိမ်းတာ မဟုတ်ဘဲ ပြန်လည် စိစစ်ပြီး ရွေးချယ်သူကို ရွေးချယ်၊ လျှော့ချသူကို လျှော့ချတာမျိုးတွေ လာမယ့် ရက်တွေမှာ လုပ်လာနိုင်ဖွယ် ရှိတယ် ဆိုပြီး အဓိပ္ပာယ် ဖွင့်ဆိုမှုမျိုးလည်း ရှိပါတယ်။ ဒါကြောင့် မြန်မာပိုင်းအစီအစဥ်တွေမှာ သတင်းမှားတွေနဲ့ ဝါဒဖြန့်ချိနေတဲ့ VOA နဲ့ RFA မြန်မာ သတင်းဌာနတွေအနေနဲ့ ဘယ်လောက် အတိုင်းအတာထိအောင် သက်ရောက် ခံရမလဲဆိုတာဟာ လာမယ့်ရက်တွေမှာ ပိုပြီး ထင်ရှား ပေါ်လွင်လာဖွယ် ရှိပြီး အထူးသဖြင့်တော့ မြန်မာနိုင်ငံလို ထရမ့်ပ် စိတ်မဝင်စားတဲ့နိုင်ငံတွေရဲ့ မြန်မာပိုင်းအစီအစဥ်တွေက အဓိကဖြတ်တောက်ခံရနိုင်ပါတယ်။
Ref & Photo – BBC, The Kyiv Independent, Myanmar Now