
၁၆. ၃.၂၀၂၅
Written by Hey Mar
ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းပေါ် စံပြငါးဈေးကြီးအနီးမှာ အမျိုးသမီးတစ်ဦး ကွန်တိန်နာယာဉ်နဲ့ ကြိတ်မိမှု မတ်လ ၁၅ ရက်နေ့ မနက် ၈နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ စံပြလူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။
ဖြစ်ဉ်က ဥယျာဉ်လမ်းနဲ့ စကားဝါပင်လမ်းကြား ကမ်းနားလမ်းမပေါ်မှာ ဖြစ်ပွားခဲ့ပြီး တိုက်ကြိတ်ခံရတဲ့ အမျိုးသမီးက အသက် ငါးဆယ်အရွယ်လို့ သိရပါတယ်။ငါးဈေးအနီး လမ်းကြောရှုပ်ချိန် အရှိန်မပါဘဲ ဘီးလိမ့်မောင်းနှင်လာတဲ့ ကွန်တိန်နာယာဉ်အနီး ခလုတ်တိုက်လဲကျရာက ခန္ဓာကိုယ် ဘယ်ဘက် ပခုံးအထိ ကြိတ်မိခဲ့တာလို့ အနီးအနားမျက်မြင်တွေ့ရှိသူတချို့ပြောပြချက်အရ သိရပါတယ်။

ယာဉ်တိုက်မှုကြောင့် အမျိုးသမီးမှာ နေရာတင်သေဆုံးခဲ့ပြီး သက်ဆိုင်ရာက ရောက်ရှိစစ်ဆေးစဉ်မှာ ကွန်တိန်နာယာဉ်မောင်းက ပူးပေါင်း ဖြေရှင်းခဲ့တယ်လို့ သိရပါတယ်။ ရုပ်အလောင်းကို စံပြလူမှုကူညီရေးအသင်းနဲ့ ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းတို့က ယာဉ်အောက်ကနေ ထုတ်ယူကာ ရန်ကုန်ဆေးရုံကြီးဆီ ပို့ဆောင်ကူညီပေးခဲ့တယ်လို့လည်း သိရပါတယ်။
စံပြလူမှုကူညီရေးအသင်းတာဝန်ရှိသူက “တိုက်မိတဲ့ အနေအထားကတော့ ဖြစ်ပြီးမှ ရောက်သွားတာမို့ သေချာမသိပေမယ့် အမျိုးသမီးက စကားဝါပင်လမ်းထဲကပါပဲ။ ရုပ်အလောင်းက ရုပ်တော့ မပျက်သွားဘူး။ ပခုံး၊ ခါး၊ ဗိုက်နဲ့ ပေါင်၊ ခြေသလုံးတွေ ကျိုးကြေဒဏ်ရာတွေနဲ့ သေဆုံးတာပါ” လို့ MT News ကို ပြောပါတယ်။