




၁၆.၃.၂၀၂၅
Written by Hey Mar
မန္တလေးမြို့၊ အုန်းချောရွာ၊ ရွှေစာရံဘုရားပွဲတော်ကနေ ပြင်ဦးလွင်မြို့ကို ပြန်လာတဲ့ယာဉ်တစ်စီး စဉ့်ကိုင်မြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ် အစပ်မှာ လမ်းဘေးချောက်ထဲ နောက်ပြန်ထိုးကျတိမ်းမှောက်ရာက လူငါးဦးသေဆုံးပြီး တစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိထားတယ်လို့ ဒေသခံ လူမှုကူညီရေး အသင်းတွေဆီကနေ သိရပါတယ်။
ဖြစ်စဉ်က မတ်လ ၁၅ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့ပြီး ဒုဌဝတီ တံတားအကျော်၊ တိုးဂိတ်အလွန်၊ မီးသွေးဖုတ်ရွာအနီးမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
ရွှေစာရံကနေ ပြန်အထွက်မှာ မန္တလေး(အုန်းချော)-ပြင်ဦးလွင်လမ်းကို မထွက်မိဘဲ၊ လုံထိန်းကွေ့ဆိုတဲ့နေရာကနေ ကျောက်ဆည် -ဒုဌဝတီမြစ်ကူးတံတားဘက်ကို မှားယွင်းထွက်မိတဲ့အတွက် ကားကိုကွေ့ဖို့ နောက်ပြန်ဆုတ်ရင်း ယာဉ်က လမ်းဘေး ပေ ၃၀ ခန့် လျောစောက်ရှိတဲ့ ချောက်ထဲ နောက်ပြန်ကျခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။
သန္တိသုခလူမှုကူညီရေးအသင်းတာဝန်ရှိသူက ” ကားလမ်းက နှစ်လမ်းသွားပါ။ လမ်းကျဉ်းမှာ ပြန်ကွေ့ဖို့ ဘက်ခ်ဆုတ်ရင်းကနေ နောက်ပြန် တလိမ့်ထိုးကျတာ။ ကားပေါ်ပါ လူ ၁၃ ဦးမှာ အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦး၊ ကလေးမတစ်ဦးက နေရာတင် ဆုံးတာ။ ဆေးရုံအရောက်မှာ ကလေးနှစ်ဦးထပ်ဆုံးတယ်။ စုစုပေါင်း သေဆုံးစာရင်း ငါးဦးရှိပြီ၊ တစ်ဦးကလည်း အရေးပေါ်အခြေအနေ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
အဆိုပါ ဘုရားဖူးယာဉ်က ပြင်ဦးလွင်မြို့၊ မိုးကြိုးရွာမဘက်က လာရောက်ကြသူတွေလို့ သိရပြီး၊ စေတနာမွန်လူမှုကူညီရေးအသင်း(အုန်းချော)က မြေပြင်ရောက်ရှိကာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ကူညီဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူ(၃)ဦးကိုတော့ စဉ့်ကိုင်မြို့နယ်အပိုင်ဖြစ်တဲ့အတွက် စဉ့်ကိုင်ဆေးရုံကို ပို့ဆောင်ထားရှိပြီး ကျန်လူနာတွေကို မန္တလေးဆေးရုံကြီးဆီ
လွှဲပြောင်းကုသမှု ခံယူစေရာ ဆေးကုသနေစဉ် ကလေး (၂)ဦးထပ်မံကွယ်လွန်ခဲ့တာလို့ သိရပါတယ်။
သန္တိသုခလူမှုကူညီရေးအသင်းတာဝန်ရှိသူက”ဒီမနက်ကျရင် (၁၆.၃.၂၀၂၅)ကျွန်တော်တို့အသင်းက မစိုးရိမ်ရ လူနာတွေ ပြင်ဦးလွင် ပြန်ခေါ်လာပေးမှာ ဖြစ်သလို သေဆုံးရုပ်အလောင်းလည်း ပြန်သယ်ချင်တယ်ဆို သယ်ပေးဖို့ သွားပါမယ်”လို့ ပြောပါတယ်။