မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့် သင်္ဘောများဆိုက်ကပ်ခွင့် ခွဲဝေပေးရာတွင် ဆိပ်ကမ်းများ၌ မျှ၍ ဆိုက်ကပ်ခွင့်ပေးရန်လိုကြောင်းပါ ပြော





၁၆. ၃. ၂၀၂၅
Written by Nyein Kyaw
မိမိတို့နိုင်ငံမှ ထုတ်လုပ်သည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များအား ပြည်ပသို့ တင်ပို့မှုကို ကန့်သတ်ထားခြင်းမရှိသည့်အတွက် ပြည်ပသို့ လျင်မြန်ချောမွေ့စွာဖြင့် တင်ပို့နိုင်ရေး တာဝန်ရှိသူများ အဆင့်ဆင့်က အလေးထားဆောင်ရွက်ရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့တွင် ဆိပ်ကမ်းလုပ်ငန်းကဏ္ဍ စွမ်းဆောင်နိုင်မှုအခြေအနေများနှင့် ကုန်သွယ်မှုဆိုင်ရာအခြေအနေများကို သွားရောက်ကြည့်ရှု့စစ်ဆေးစဉ် ပြောကြားခဲ့သည်။
ဆိပ်ကမ်းမှ ပို့ဆောင်သည့် မော်တော်ယာဉ်များ အချိန်မီထွက်ခွာနိုင်ရေးအတွက်လည်း လမ်းကြောင်းများကို စနစ်တကျ တွက်ချက်ထားရန်လိုပြီး ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပေါ်စေရေးအတွက်လည်း လိုအပ်သည်များ စီမံဆောင်ရွက်ထားရန်လိုကြောင်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့် သင်္ဘောများဆိုက်ကပ်ခွင့် ခွဲဝေပေးရာတွင် ဆိပ်ကမ်းများ၌ မျှ၍ ဆိုက်ကပ်ခွင့်ပေးရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့ပြင် ဝင်ရောက်လာသည့် သင်္ဘောအမျိုးအစားများအလိုက်၊ အရွယ်အစားအလိုက် ဆိပ်ကမ်းများတွင် ဆိုက်ကပ်ခွင့်အား စဉ်စားဆောင်ရွက်ရန်ကြောင်း၊ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတားစီမံကိန်း ပြီးစီးသွားပါက ဖြစ်ပေါ်လာနိုင်မည့် သင်္ဘောအဝင်အထွက် ကန့်သတ်ချက်များကို ကြိုတင်တွက်ဆပြင်ထားရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ယင်းနောက် SAC ဥက္ကဋ္ဌသည် Asia World Port Terminal- AWPT ဆိပ်ကမ်းတံတားအတွင်း လှည့်လည်၍ ဆိပ်ကမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှု့စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။