
၁၅.၃.၂၀၂၅
Written By Thandar
ဆွတ်ပျံ့ကြည်နူးဖွယ် အချစ်ဇာတ်လမ်းပုံစံ “ကံ့ကော်နီ” ရုပ်ရှင်ဇာတ်ကားကြီး ချစ်ပရိသတ်တွေနဲ့ အမှတ်တရ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ မတ်လ ၁၅ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ စံရိပ်ငြိမ် မင်္ဂလာဂမုန်းပွင့်ရုပ်ရှင်ရုံမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။





“ကျွန်တော့်အနေနဲ့ လွန်ခဲ့တဲ့ ၇ နှစ်လောက်က ရိုက်ထားတဲ့ကားကို ပရိသတ်တွေ အားပေးကြလို့လည်း ကျေးဇူးတင်ပါတယ်။ ပရိသတ်အကြိုက်တွေ့စေတယ်ဆိုလို့ ဝမ်းသာပါတယ်။ အနုပညာရှင်ကိုယ့်ပရိသတ်တွေနဲ့ အတူတူကြည့်ရတာ ပျော်မိပါတယ်” လို့ သရုပ်ဆောင် အလင်းရောင်က ပြောပါတယ်။
ရုပ်ရှင်ရုံမှာတော့ ပရိသတ်တချို့ကလည်း ကံ့ကော်ပန်းစည်းတွေ၊ ပန်းတွေနဲ့အတူ အနုပညာရှင်တွေကို စောင့်မျှော်နေခဲ့ကြတာလည်းဖြစ်ပါတယ်။
ကံ့ကော်နီဇာတ်ကားကြီးကို ခရေဖြူရုပ်ရှင်ထုတ်လုပ်ရေးက ၀တ္ထု မင်းလူ၊ ဇာတ်ညွှန်း လွင်မင်းအံ့က ရေးသားပြီးတော့ ဒါရိုက်တာ ဝိုင်း(Own Creator)က ၂၀၁၈ ခုနှစ်က ပဲခူးတိုင်း ဘီးလင်းမြို့နယ်ဘက်မှာ ရိုက်ကူးပုံဖော်ခဲ့တာလည်း ဖြစ်ပါတယ်။



သရုပ်ဆောင်တွေအနေနဲ့ အလင်းရောင်၊ ချမ်းမင်းရဲထွဋ်၊ အကယ်ဒမီဖွေးဖွေး၊ ရွှေသမီးတို့က အဓိကပါဝင်ထားကြပြီ တခြားအနုပညာရှင်များစွာကလည်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
“တကယ်တော့ ဒီဇာတ်ကားက ကြည့်ပြီး အကုန်လုံးကိုလည်း ချစ်တာ။ ကြိုက်လည်း ကြိုက်တယ်။ အချစ်ကားလေးမို့ ကြည့်ပြီး ဝမ်းနည်းလို့ မျက်ရည်ကျမိတယ် ” လို့ ပရိသတ်တစ်ဦးက ပြောပါတယ်။
“ကံကော်နီ” ရုပ်ရှင်ဇာတ်ကားကြီးကို မတ်လ ၁၄ ရက်နေ့က စတင်ပြီးတော့ တစ်ပြည်လုံးမှာ ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။