
၁၅.၃.၂၀၂၅
Written By Zun
တောင်ကုတ်မြို့ကို AA က သိမ်းပြီးပြီဖြစ်၍ ဝမ်းမြောက်ဝမ်းသာနေရပ်ပြန်သည့် AA လိုလားသူများကို ပြီးခဲ့သည့် ရက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ဥသျှစ်ပင်မြို့နယ်အတွင်း ဖမ်းမိခဲ့ကြောင်း သိရသည်။
မတ်လ ၁၁ ရက်တွင် အဆိုပါ AA လိုလားသူများက တောင်ကုတ်မြို့တွင် AA က အုပ်ချုပ်နေပြီဆိုကာ ဒေသသို့အပြန် စစ်ဆေးစဥ် AA ကို ထောက်ပို့သည့် အထောက်အထားအချို့ တွေ့ရှိ၍ အမျိုးသမီး အမျိုးသား၊ ကလေးများအပါအဝင် လူ ၁၀ ဦးခန့် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ် တောင်ပိုင်း၊ တောင်ကုတ်မြို့တွင်တိုက်ပွဲ ဖြစ်ပွားနေသောကြောင့် ယင်းကာလအတွင်း ပဲခူးတိုင်းဒေသကြီး၊ ဥသျှစ်ပင်မြို့ဖက်သို့ စစ်ဘေးရှောင်သွားခဲ့ကြပြီးနောက် ဥသျှစ်ပင်မြို့၊ ညောင်ခြေထောက်ရွာအနီးတွင် ဖမ်းဆီးခံရသည်ဟုလည်း ဆိုသည်။
AA လိုလားသည့် မီဒီများက တပ်မတော်ဘက်က ဥသျှစ်ပင်မြို့၊ ညောင်ခြေထောက်ရွာအနီးတွင် ပုန်းခိုချောင်းမြောင်း ဖမ်းဆီးကြောင်းလည်း ဖော်ပြနေကြသည်။
“စစ်သားတွေက ပုန်းပြီး ဖမ်းစရာမလိုဘူးလေ။ ပုန်းပြီးဖမ်းစရာလိုမှ မလိုတာ။ AA က မြို့ကိုသိမ်းထားတယ်ဆိုပြီးတော့ ဝမ်းသာအားရနဲ့ ပြန်ကြတာလေ။ ဥသျှစ်ပင်မှာ တောင်ကုတ်က လူတွေအများကြီး။ စစ်တပ်ကို မုန်းပြီးတော့ အနီထောက်ခံသူတွေက အဲဒီမှာ လာရှောင်နေကြတာ။ AA ထောက်ပို့တွေလည်း ပါနိုင်တာပဲ။ သတင်းအရ ဖမ်းတာ။ အရွယ်မရောက်သေးသူတွေပါတာကတော့ ပြန်လွတ်မှာပေါ့”ဟု ဒေသခံတစ်ဦးက MT News ကို ပြောသည်။
လက်ရှိတွင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ စစ်ဘေးရှောင်နေရသူများကို AA က မြို့ထဲသို့ ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပေးနေပြီဖြစ်သောကြောင့် နေရပ်သို့ ပြန်နေကြပြီဖြစ်ကြောင်းလည်း သိရသည်။
အမှတ် (၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ – ၅)အခြေစိုက် တောင်ကုတ်မြို့ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်တွင် AA က ထိန်းချုပ်ထားပြီးနောက် တပ်မတော် အသိုင်းအဝိုင်းမိသားစုများ၊ ဦးကျောက်တောင်ကဲ့သို့ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်များ၏ နေအိမ်နှင့် လုပ်ငန်းများကို ချိပ်ပိတ်ထားကြောင်း MT News က ဖော်ပြခဲ့ပြီး ဖြစ်သည်။
သို့သော် တောင်ကုတ်ဒေသခံ အများစုက AA ကို လက်မခံနိုင်သည့်အတွက် နေရပ်မပြန်ဘဲ အခြားနေရာများတွင် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်အခြေချနေထိုင်နေကြပြီလည်း ဖြစ်သည်။
“ကျွန်တော်တို့ကတော့ တောင်ကုတ်ကို မပြန်ရဲဘူး။ သူတို့(AA) က ဘယ်လောက်ထိ တာဝန်ယူပေးနိုင်မှာ မို့လို့လဲ။ ကျွန်တော်တို့က ကိုယ့်မှာပါတာလေးနဲ့ ဒီမှာပဲ အခြေချတော့မယ်”ဟု ပြည်မြို့သို့ပြောင်းရွှေ့နေထိုင်သည့် တောင်ကုတ်မြို့ခံတစ်ဦးက MT News ကို ပြောသည်။