
၁၅.၃.၂၀၂၅
Written By Zun
ယနေ့ နံနက်က ဘန်ကောက်တွင်ဆောက်လက်စ မိုးပျံအမြန်လမ်းတံတား ပြိုကျရာတွင် သေဆုံးသည့်အလုပ်သမား ၇ ဦးထဲ မြန်မာအလုပ်သမား ၂ ဦး ပါဝင်ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဖလန်ဆောင် (၂)၊ လမ်းသွယ် ၁၇ တွင် ယနေ့ မတ်လ ၁၅ ရက် နံနက် ၁ နာရီ ၄၈ မိနစ်ခန့်က ဆောက်လက်စ မိုးပျံတံတား (Dao Khanong Expressway တံတား) ပြိုကျ၍ အလုပ်သမား ၇ ဦးသေဆုံးကာ ၁၆ ဦး ဒဏ်ရာရခဲ့ကြောင်း ကနဦးသတင်းများကို ဒေသတွင်း သတင်းများအရ MT News တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။



ယင်းနောက် ယနေ့ နံနက် ၁၁ နာရီခွဲအချိန် သတင်းအချက်အလက်များအရ လုပ်သား ၂၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူ မြန်မာအလုပ်သမား ၂ ဦးမှာ ကိုဇင်ကိုအောင်နှင့် ကိုနိုင်လင်းအောင်တို့ဖြစ်ပြီး ကျန်အလုပ်သမားများမှာ ထိုင်းနိုင်ငံသား အလုပ်သမားများဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများအပြင်ပျောက်ဆုံးနေသည့် အလုပ်သမားများလည်းရှိနေသေးသောကြောင့် လူမှုကယ်ဆယ်ရေးအဖွဲ့များက ဆက်လက်ရှာဖွေမှုများပြုလုပ်နေကြောင်း သိရသည်။
ယခု ပြိုကျခဲ့သည့် တံတားအဆောက်အဦမှာ ယမန်နှစ် နိုဝင်ဘာလက ပြိုကျခဲ့သော အမြန်လမ်းမကြီးနှင့် အမျိုးအစားတူဖြစ်ကြောင်း၊ တံတားပြိုကျမှုကြောင့် သေဆုံးများ၏ ရုပ်အလောင်းများနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား လူမှုကယ်ဆယ်ရေးအဖွဲ့များက ဆေးရုံကြီးသို့ ပို့ဆောင်ထားကြပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြရဆဲ ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နိုင်ဝင်ဘာလ ၂၉ ရက်ကလည်း အဆိုပါ မိုးပျံတံတား ဆောက်လုပ်ရေးစီမံကိန်းတွင် တံတားပြိုကျမှုဖြစ်ပွားခဲ့ရာ မြန်မာလုပ်သား ၄ ဦး အပါအဝင် ၆ ဦးသေဆုံးပြီး ၁၁ ဦးထိခိုက်ဒဏ်ရာရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။