
မြန်မာနိုင်ငံသားများကိုလည်း ပြည်ဝင်ခွင့်ဗီဇာတချို့ ရပ်ဆိုင်းရန် စဉ်းစားနေ
၁၅.၃.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အစိုးရက အမေရိကန်နိုင်ငံသားတွေကို ခရီးသွားတင်းကျပ်ကန့်သတ်မှုတွေ ပြုလုပ်သွားဖို့ စဉ်းစားလျက်ရှိတယ်လို့ အဆိုပါအကြောင်းအရာနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက ပြောခဲ့ကြပါတယ်။
ဒီလို ပိတ်ပင်မှုပြုဖို့ စဉ်းစားထားတဲ့ နိုင်ငံ ၄၁ နိုင်ငံရှိပြီး ဒီနိုင်ငံတွေကို အုပ်စုသုံးအုပ်စုခွဲထားတယ်လို့လည်း ဆိုပါတယ်။ ပထမအုပ်စုမှာ အာဖဂန်နစ္စတန်၊ အီရန်၊ ဆီးရီးယား၊ ကျူးဘားနဲ့ မြောက်ကိုရီးယားတို့အပါအဝင် ဆယ်နိုင်ငံပါဝင်မှာဖြစ်ပြီး ဒီနိုင်ငံသားတွေကို အမေရိကန်ပြည်ထောင်စုသို့ ပြည်ဝင်ခွင့်ဗီဇာ လုံးဝရပ်ဆိုင်းထားမယ်လို့ ဆိုပါတယ်။
ဒုတိယအုပ်စုမှာတော့ အီရီထရီးယား၊ ဟေတီ၊ လာအို၊ မြန်မာနဲ့ တောင်ဆူဒန်နိုင်ငံစတဲ့ ငါးနိုင်ငံပါဝင်မှာဖြစ်ပြီး ဒီနိုင်ငံသားတွေကိုတော့ အမေရိကန်ပြည်ထောင်စုသို့ ခရီးသွားဗီဇာ၊ ကျောင်းသားဗီဇာနဲ့ တခြားရွှေ့ပြောင်းနေထိုင်ခွင့်ဗီဇာတွေကို ခြွင်းချက်တချို့နဲ့ အတူ တစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းထားမယ်လို့ သိရပါတယ်။
တတိယအုပ်စုမှာတော့ ၂၆ နိုင်ငံပါဝင်တယ်လို့သိရပါတယ်။ ဒီနိုင်ငံတွေမှာ ဘယ်လာရုစ်၊ ပါကစ္စတန်နဲ့ တာ့က်မင်နစ်စတန် တို့အပြင် တခြားနိုင်ငံတွေပါဝင်တယ်လို့ ဆိုပါတယ်။ ဒီနိုင်ငံသားတွေကိုတော့ သူတို့ရဲ့ အစိုးရတွေက သူတို့လိုအပ်တဲ့ ချို့ယွင်းမှုတွေကို ရက် ၆၀ အတွင်း ဖြေရှင်းပေးဖို့ ကြိုးပမ်းမှုတွေ လုပ်ဆောင်တာမရှိခဲ့ရင် အမေရိကန်သို့ ပြည်ဝင်ခွင့်ဗီဇာကို တစ်စိတ်တစ်ပိုင်း ဆိုင်းငံ့ထားဖို့ စဉ်းစားမယ်လို့လည်း သတင်းကဆိုပါတယ်။
အမည်မဖော်လိုသူအမေရိကန်အရာရှိတစ်ဦးကတော့ ဒီစာရင်းတွေမှာ အပြောင်းအလဲတွေရှိနိုင်သေးပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြပြုဖို့ မာကို ရူဘီအို အပါအဝင် အစိုးရပိုင်းက အတည်ပြုဖို့ လိုသေးတယ်လို့လည်း ပြောခဲ့ပါတယ်။
ထရန့်အနေနဲ့ ဒီလိုဆောင်ရွက်ဖို့ စဉ်းစားနေမှုက သူ့ရဲ့ သမ္မတအဖြစ် ပထမသက်တမ်းအတွင်းမှာ မွတ်ဆလင်အများစုနေထိုင်ရာ နိုင်ငံခုနစ်ခုက ခရီးသွားတွေကို ပိတ်ပင်ခဲ့တာကို ပြန်ပြောင်းသတိရစေပါတယ်။
သမ္မတထရန့်က သမ္မတအဖြစ် စတင်တာဝန်ယူတဲ့ ဇန်နဝါရီလ ၂၀ ရက်မှာပဲ အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုတွေကို ထောက်လှမ်းသွားနိုင်ဖို့ အမေရိကန်ကို ဝင်ရောက်မယ့်နိုင်ငံခြားသားတွေကို လုံခြုံရေးစိစစ်မှုတွေ ပိုမိုလုပ်ကြဖို့ အမိန့်ထုတ်ခဲ့တာပါ။
Ref-Reuters