၁၉. ၁. ၂၀၂၃
Written by Ye Kyaw
လက်ရှိတွင် ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် အလုပ်သမားများ စေလွှတ်ရာတွင် နယ်စပ်ကသာ သွားရောက်နေရသည့်အတွက် လေကြောင်းလိုင်းမှတစ်ဆင့် စေလွှတ်နိုင်ရေးအတွက် ဇန်နဝါရီ ၁၈ ရက်တွင် ထိုင်းနိုင်ငံသံအမတ်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောကြားသည်။
ထို့ပြင် ထိုင်းနိုင်ငံရှိ MoU သက်တမ်း ၄ နှစ်ပြည့်ပြီးသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို နိုင်ငံကူးလက်မှတ်စာအုပ် သက်တမ်းတိုးပေးနိုင်ရေးနှင့် MoU စနစ်ဖြင့် စေလွှတ်သည့် အလုပ်သမားများအတွက် ဗီဇာကြေးလျှော့ချပေးနိုင်ရေးတို့အတွက် ထည့်သွင်းဆွေးနွေးခဲ့သည်။
ယင်းအပြင် အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နာလည်မှုစာချွန်လွှာနှင့် အလုပ်သမားများ အလုပ်ခန့်ထားရေးဆိုင်ရာ သဘောတူစာချုပ် သက်တမ်းတိုးလက်မှတ် အမြန်ရေးထိုးနိုင်ရေးတို့အတွက် ဆွေးနွေးဆောင်ရွက်ခဲ့သည်။
ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် အလုပ်သမားစေလွှတ်မှုကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ မတ်လအတွင်း ပြန်လည်စတင် စေလွှတ်ခဲ့ပြီး ယင်းကဲ့သို့ စေလွှတ်ရာတွင် မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ်များဖြစ်သည့် မြဝတီနယ်စပ်နှင့် ကော့သောင်းနယ်စပ်တို့မှ စေလွှတ်လျက်ရှိသည်။
ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် အလုပ်သမားစေလွှတ်ရာတွင် ဝန်ဆောင်ခအနေဖြင့် လုပ်သားတစ်ဦးလျှင် ကျပ်သုံးသိန်းသာ ကောက်ခံရန် အလုပ်သမားဝန်ကြီးဌာနမှ အေဂျင်စီများအပေါ် ညွှန်ကြားထားသော်လည်း ပြင်ပတွင် ဝန်ဆောင်ခ ကျပ် ၁၀ သိန်းအထက်အထိ ကုန်ကျမှုများရှိနေကြောင်း သိရသည်။