
၁၅.၃.၂၀၂၅
Translated by Thettant
ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် WFP က လာမည့်လမှစတင်၍ ဘင်္ဂါလီများအတွက် အစားအစာရိက္ခာအတွက် ထောက်ပံ့မှုများကို ထက်ဝက်ခန့် လျှော့ချရန် ရှိနေကြောင်း ပြောကြားပြီးနောက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ကော့ဘဇားရ်၊ အူကီယာရှိ ဘင်္ဂါလီဒုက္ခသည်စခန်းသို့ ယမန်နေ့က သွားရောက်လည်ပတ်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘင်္ဂါလီဒုက္ခသည်တို့၏ အစားအစာ ထောက်ပံ့မှုများကို လာမည့်လတွင် သိသိသာသာ လျှော့ချရန် ရှိနေသည့်အတွက် ကမ္ဘာ့အကြီးဆုံးဒုက္ခသည်စခန်း၏ လက်ရှိခက်ခဲနေသော ဘဝအခြေအနေများကို ခြိမ်းခြောက်လျက်ရှိသည်။ ဂူတာရက်စ်၏ သောကြာနေ့တွင် ကော့ဇ်ဘဇားရ်နယ်စပ်ခရိုင်သို့ သွားရောက်လည်ပတ်မှုသည် ဘင်္ဂလားဒေ့ရှ်အတွက် အရေးကြီးသည်ဟု ရှုမြင်ကြပြီး ဂူတာရက်စ်၏ လည်ပတ်မှုမှတစ်ဆင့် ဘင်္ဂါလီတို့အပေါ်အကျပ်အတည်းကို နိုင်ငံတကာက အာရုံစိုက်လာစေရန် ကူညီပေးမည်ဟု မျှော်လင့်နေကာ ဘင်္ဂါလီဒုက္ခသည်များနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများအတွက် အကူအညီများ စုဆောင်းပေးရန် မျှော်လင့်နေသည်။
မသမာမှုများပြည့်နှက်နေသော USAID ၏ လုပ်ငန်းများ ရပ်စဲပြီးနောက် WFP က အရေးပေါ်အစားအစာထောက်ပံ့မှုများကို လျှော့ချရန် ရှိနေကြောင်း ကြေညာခဲ့သည်။ လာမည့် ဧပြီလမှစတင်၍ WFP သည် ရန်ပုံငွေမလုံလောက်မှုကြောင့် ဘင်္ဂါလီများအတွက် အစားအစာရိက္ခာဘောင်ချာများကို တစ်လလျှင် ဒေါ်လာ ၁၂ ဒသမ ၅၀ မှ ၆ ဒေါ်လာသို့ လျှော့ချမည်ဖြစ်၍ လူထူထပ်လွန်းသော ဒုက္ခသည်စခန်းများတွင် ငတ်မွတ်မှုများ ပိုမိုမြင့်တက်လာမည်ကို စိုးရိမ်စေခဲ့သည်။
၂၀၂၄ ခုနှစ်တွင် အမေရိကန်သည် WFP ၏ လည်ပတ်ငွေ ဒေါ်လာ ၉ ဒသမ ၇ ဘီလျံအနက် ၄ ဒသမ ဘီလျံဒေါ်လာကို ထောက်ပံ့ခဲ့သော်လည်း၊ အမေရိကန်၏ အပြည်ပြည်ဆိုင်ရာအကူအညီထောက်ပံ့မှုများကို ဒေါ်နယ်ထရမ့်သမ္မတလက်ထက်တွင် လျှော့ချခဲ့သည်။ မကြာသေးမီအချိန်အထိ အမေရိကန်သည် ဘင်္ဂါလီဒုက္ခသည်များအတွက် ကူညီထောက်ပံ့မှုတွင် အဓိကလှူဒါန်းသူဖြစ်ခဲ့သော်လည်း USAID မှတစ်ဆင့် ကူညီမှုလျှော့ချခြင်းကြောင့် WFP ၏ ရန်ပုံငွေအပေါ် ဆိုးရွားစွာ ထိခိုက်ခဲ့မှု အကျိုးဆက်ကို ဘင်္ဂါလီများ ဆင့်ကဲခံစားခဲ့ရသည်။
ထိုနည်းတူ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ဒုက္ခသည်စခန်းများရှိ ကလေးများသည် ၂၀၁၇ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး အာဟာရချို့တဲ့မှုများ ကြုံတွေ့နေရပြီး၊ ပြင်းထန်သော အာဟာရချို့တဲ့မှုကုသရမည့် လူနာများသည် ယခုနှစ် ဖေဖော်ဝါရီလတွင် ပြီးခဲ့သည့်နှစ်ကထက် ၂၇ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ပြောကြားခဲ့သည်။
“အခုတောင် ကျွန်တော်တို့ ရရှိတဲ့ အထောက်အပံ့တွေက မလုံလောက်ပါဘူး။ တကယ်လို့သာ ထက်ဝက်ခန့် လျှော့ချလိုက်မယ်ဆို ကျွန်တော်တို့ဟာ ငတ်မွတ်ခြင်းသာ ရင်ဆိုင်ရပါလိမ့်မယ်။ ဒီနေရာမှာ ကျွန်တော်တို့ကို အလုပ်လုပ်ခွင့်မပြုပါဘူး။ ကျွန်တော့်ကလေးတွေအကြောင်း တွေးမိတဲ့အခါ အကူအညီမဲ့သလို ခံစားရပါတယ်။ သူတို့ကို ဘာကျွေးရမလဲ”ဟု ၂၀၁၇ ခုနှစ်မှစတင်၍ ကော့ဇ်ဘဇားရ်စခန်းတွင် နေထိုင်လာခဲ့သော ကလေးငါးဦး၏ဖခင် ဘင်္ဂါလီဒုက္ခသည် ၃၁ နှစ်အရွယ် မိုဟာမက် ဆာဘီးက ပြောသည်။
WFP သည် ရန်ပုံငွေ မလုံလောက်တော့သဖြင့် မြန်မာနိုင်ငံမှ လူဦးရေ ၁ သန်းအတွက် စားနပ်ရိက္ခာအထောက်အပံ့များ ရပ်ဆိုင်းမည်ဟု မတ်လ ၁၄ ရက်နေ့တွင် ကြေညာထားပြီး ကူညီ ထောက်ပံ့မှုများ ရပ်ဆိုင်းခြင်းသည် ဘင်္ဂါလီများ အပါအဝင် ရခိုင်ပြည်အလယ်ပိုင်းရှိ နေရပ်စွန့်ခွာသူ ၁ သိန်းကိုပါ ထိခိုက်မည်ဖြစ်သည်။ ယခုနှစ်တွင် မြန်မာပြည်မှ ဒုက္ခသည်များ အသက်ကယ်ဆယ်ရေး ရိက္ခာအထောက်အပံ့ ဆက်လက်ပေးအပ်နိုင်ရန် WFP က အမေရိကန်ဒေါ်လာ သန်း ၆၀ အရေးတကြီး လိုအပ်နေသည်ဟုလည်း ကြေညာထားသည်။
Ref, Aljazeera & WFP