
၁၅.၂.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ချမ်တုံခရိုင်အတွင်း ရာမ ၂ လမ်းမပေါ်မှာ ဆောက်လုပ်ဆဲအမြန်လမ်းတံတားတစ်ခုရဲ့ ကွန်ကရစ်ယက်မကြီးတစ်ခု မတ်လ ၁၅ ရက်အစောပိုင်းက ပြိုကျခဲ့တာကြောင့် အနည်းဆုံး လူ ခုနစ်ဦးသေဆုံးပြီး ၂၇ ဦးဒဏ်ရာရခဲ့တယ်လို့ ကနဦး သတင်းတွေအရ သိရပါတယ်။

ရာမ ၂ လမ်းမပေါ် လမ်းသွယ်-၂၅ အနီးမှာ နံနက် ၁ နာရီ ၄၈ မိနစ်က ခုလို အမြန်လမ်းတံတားပြိုကျတာကို ဘန်မော့ဒ် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့တာပါ။ ပြိုကျတဲ့နေရာက ရာမ ၃ – ဒေါခါနွန်အမြန်လမ်းမကြီး အနီးမှာလည်းဖြစ်ပါတယ်။

သတင်းတွေအရ အမြန်လမ်းဝင်ပေါက်မှ မီတာ ၂၀၀ ခန်အကွာမှာရှိတဲ့ ဆောက်လုပ်ဆဲအမြန်လမ်းတံတား ကွန်ကရစ်ယက်မကြီးပြိုကျမှုမှာ အများအပြား သေကြေဒဏ်ရာရခဲ့ကြတာလို့ဆိုပါတယ်။ ပြိုကျချိန် မှာ လုပ်ငန်းခွင်မှာ အလုပ်သမား ၃၀ ဦးခန့်ရှိနေတယ်လို့လည်းသိရပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေက အချင်းဖြစ်ပွားတဲ့နေရာကို ချက်ချင်းရောက်လာကြပြီး အနံ့ခံခွေးတွေနဲ့ အထူးကိရိယာတွေသုံးပြီး အပျက်အစီးတွေအောက်မှာ လှောင်ပိတ်မိနေနိုင်တဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေကူညီနေကြပါတယ်။
နံနက် ၆ နာရီ အထိတော့ အနည်းဆုံး အလုပ်သမားလေးဦး သေဆုံးပြီး ဒဏ်ရာရသူ ၁၆ ဦးရှိတယ်လို့ သိရပါတယ်။ ဒဏ်ရာရသူတွေအနက် ဆယ်ဦးကိုတော့ အနီးရှိဆေးရုံတွေကိုပို့ပေးခဲ့တယ်လို့ သိရပါ တယ်။ နံနက် ၇ နာရီ အရောက်မှာတော့ သေဆုံးသူ ငါးဦးနဲ့ ဒဏ်ရာရသူ ၂၇ ဦး အထိရှိလာပါတယ်။ ဒါ့အပြင် Nation ရဲ့ နံနက် ၈ နာရီခွဲသတင်းတစ်ပုဒ်မှာတော့ သေဆုံးသူဦးရေမှာ ၇ ဦးရှိပြီး ဒဏ်ရာရသူ ၁၆ ဦးနဲ့ အပျက်အစီးများအောက်မှာ လူ ၃၀ ခန့် ပိတ်မိနေဆဲဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
ရဲတပ်ဖွဲ့နဲ့အင်ဂျင်နီယာတွေက အခုလို အမြန်လမ်းတံတားပြိုကျရမှုရဲ့ အကြောင်းရင်းကိုစစ်ဆေးနေကြပြီး ဒီဖြစ်ရပ်မှာ သေဆုံးသူတွေက အန္တရာယ်များတဲ့အလုပ်တွေမှာပဲ လုပ်ကိုင်ကြရတဲ့ မြန်မာလုပ်သားတွေ ပါဝင်မှု ရှိ မရှိကို အာဏာပိုင်တွေက အတည်မပြုနိုင်သေးပါဘူး။
Ref- Bangkok Post, Nation /Photo Khaosod