ယခင်နှစ် လာရောက်စစ်ဆေးစဉ် မှာကြားခဲ့မှုများအပေါ် ဆောင်ရွက်မှုများတွင် လိုအပ်ချက်များရှိသည်ကို တွေ့မြင်ရဟုပါ ပြော





၁၄. ၃. ၂၀၂၅
Written by Nyein Kyaw
လှိုင်သာယာမြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်ရေးနှင့် ရေထွက်ပေါက်များအား မိုးရာသီမရောက်မီ စနစ်တကျဖြစ်အောင် ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်နှင့် လှိုင်သာယာမြို့နယ်များသို့ သွားရောက် ကြည့်ရှု့စစ်ဆေးစဉ် မှာကြားခဲ့သည်။
ယခင်နှစ် လာရောက်စစ်ဆေးစဉ် လှိုင်သာယာမြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရေး၊ လျှပ်စစ်မီးတိုင်များ စနစ်တကျရှိစေရေး ဆောင်ရွက်သွားရန်မှာကြားခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုများတွင် လိုအပ်ချက်များရှိနေသည်ကို တွေ့မြင်ရကြောင်း၊ ရေထွက်စနစ်များ စနစ်တကျကောင်းမွန်စေရေး ရေနုတ်မြောင်းများ၊ တံတားများကို သတ်မှတ်ချက်များနှင့်အညီ ရေစီးရေလာကောင်းမွန်အောင် ပြန်လည်ပြုပြင် ဆောင်ရွက်သွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
လှိုင်သာယာတွင် ရေစီးရေလာကောင်းမွန်ရေးသည် အဓိကဖြေရှင်း ဆောင်ရွက်ပေးရမည့် ကိစ္စတစ်ခုဖြစ်သဖြင့် အလေးထားဆောင်ရွက်သွားရန်လိုကြောင်း၊ တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် ရေဝင်ရေထွက်ကောင်းမွန်ရမည်ဖြစ်ကြောင်း၊ မိုးရာသီကာလသို့ မရောက်ရှိမီ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် ရေထွက်ပေါက်များ စနစ်တကျဖြစ်အောင် ဆောင်ရွက်သွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက မှာကြားခဲ့သည်။
လှိုင်သာယာမြို့နယ်တွင်း စက်ရုံ၊ အလုပ်ရုံအများအပြားရှိပြီး အလုပ်လုပ်ကိုင်ကြသူများ အများအပြားနေထိုင်ကြသည်ဖြစ်သဖြင့် ပလက်ဖောင်းများ အဆင့်မီကောင်းမွန်ရန်လိုကြောင်း၊ မြို့နယ်အတွင်း စိမ်းလန်းစိုပြေရေး၊ သန့်ရှင်းသာယာလှပရေးတို့အတွက် စနစ်တကျစီမံကိန်းချ၍ ဆောင်ရွက်သွားရန်လိုပြီး မြို့နေပြည်သူလူထုနှင့် ကိုက်ညီသည့် လူနေမှုပတ်ဝန်းကျင်ကောင်းကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့တော်ဧရိယာအတွင်း တည်ရှိသည့်အတွက် အဆင့်မီသည့် မြို့ဖြစ်စေရေး၊ မြို့ပြဖွံဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆက်လက်အကောင် အထည် ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက မှာကြားခဲ့သည်။
SAC ဥက္ကဋ္ဌသည် သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်ဝန်းသို့လည်း သွားရောက် ကြည့်ရှု့စစ်ဆေးခဲ့ပြီး ယခုသတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်သည် အစဉ်အလာရှိသည့် တက္ကသိုလ်တစ်ခုဖြစ်ပြီး နိုင်ငံအတွက် အကျိုးပြုနိုင်သည့် သင်ကြားမှုများကို ဆက်လက်ဆောင်ရွက်ပေးစေလိုကြောင်း မှာကြားသည်။
ထို့အတူ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်သို့ ရောက်ရှိစဉ် ပြင်ပသုံးထပ်ဆောင်အသစ် တည်ဆောက်ပြီးစီးမှုအခြေအနများ၊ ကျောင်းဝင်းအတွင်းရှိ စာသင်ဆောင်များနှင့် ပွဲကြည့်စင်နှင့် ပြေးလမ်းပါဘောလုံးကွင်း တည်ဆောက်နေမှု အခြေအနေများကိုလည်း လိုက်လံကြည့်ရှု့စစ်ဆေးခဲ့သည်။