၁၉. ၁. ၂၀၂၃
Written by Nay Aung
စင်ကာပူအစိုးရအနေဖြင့် မြန်မာနိုင်ငံကို စစ်လက်နက်များထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့် အစိတ်အပိုင်းပစ္စည်းများ၊ သို့မဟုတ် စစ်လက်နက်ပစ္စည်းများ လွှဲပြောင်းပေးရန် ခွင့်ပြုပေးခြင်းမရှိကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနကဆိုသည်။
မြန်မာ့အရေးအထူးအကြံပေးကောင်စီ (SAC-M)က ပြီးခဲ့သော ရက်ပိုင်းတွင် ဖော်ပြခဲ့သော ထုတ်ပြန်ချက်များနှင့်ပတ်သက်ပြီး စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။
(SAC-M)အဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် စင်ကာပူနိုင်ငံသည် မြန်မာ့တပ်မတော်အတွက် စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်ရာတွင်အသုံးချနိုင်သော ကုန်ကြမ်းများအပါအ၀င် ကုန်ကြမ်းပစ္စည်း အများအပြားရနိုင်ချေရှိသော မဟာဗျူဟာမြောက်အကူးပြောင်းနေရာတစ်ခုဖြစ်လျက်ရှိနေကြောင်း ဖော်ပြထားသည်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက “စင်ကာပူနဲ့ပတ်သက်တဲ့ အခိုင်အမာပြောဆိုချက်တော်တော်များများဟာ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းမှုမတိုင်ခင် စီးပွားရေးလုပ်ဆောင်မှုတွေနဲ့ ဆက်နွှယ်နေတာကို သတိပြုမိပါတယ်။ ဘယ်နိုင်ငံအပေါ်မဆို ကုလသမဂ္ဂကချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေ၊ စစ်လက်နက်ပစ္စည်းရောင်းချမှု၊ လွှဲပြောင်းပေးမှုတွေမလုပ်ဖို့တားမြစ်မှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာတာဝန်၊ ဝတ္တရားတွေကို တင်းတင်းကြပ်ကြပ် လိုက်နာရေးက စင်ကာပူနိုင်ငံရဲ့ အဓိကဦးစားပေးဖြစ်တယ်။ ကျွန်တော်တို့နိုင်ငံရဲ့ဥပဒေကို ချိုးဖောက်နေသူတွေကို အရေးယူဖို့ တွန့်ဆုတ်နေမှာမဟုတ်ဘူး” ဟုဆိုသည်။
စင်ကာပူနိုင်ငံသည် ၂၀၂၁ ခုနှစ် ဇွန်လက ပြုလုပ်ခဲ့သော မြန်မာနိုင်ငံအပေါ် စစ်လက်နက်ပစ္စည်းများ လွှဲပြောင်းရောင်းချရေးကိုတားဆီးရန် ကုလသမဂ္ဂညီလာခံဆုံးဖြတ်ချက်ကို ထောက်ခံမဲပေးခဲ့သောနိုင်ငံဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တပ်မတော်၏ စစ်လက်နက်ပစ္စည်းများ ကိုယ်ပိုင်ထုတ်လုပ်နိုင်မှု ဖွံ့ဖြိုးတိုးတက်လာနေကြောင်း၊ မြန်မာ့တပ်မတော်ကို ကိုယ်ပိုင်စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်နိုင်ရန် သြစတြီးယား၊ ပြင်သစ်၊ တရုတ်၊အိန္ဒိယ၊ အစ္စရေး၊ ယူကရိန်း၊ ဂျာမနီ၊ ထိုင်ဝမ်၊ ဂျပန်၊ ရုရှား၊ တောင်ကိုရီးယား ၊ အမေရိကန်နိုင်ငံတို့၏ ကုမ္မဏီများလည်းပါဝင်လျက်ရှိနေကြောင်း SAC-M အဖွဲ့က ပြီးခဲ့သော ရက်ပိုင်းတွင်သတင်းထုတ်ပြန်ခဲ့သည်။
စင်ကာပူနိုင်ငံရှိ ကုမ္ပဏီများသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စစ်လက်နက်ပစ္စည်းများမတင်ပို့ရေး တားမြစ်ပိတ်ပင်မှုများကို ချိုးဖောက်နေပြီး မြန်မာနိုင်ငံအတွက် စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်နိုင်ရန် လိုအပ်သော ပစ္စည်းများကို ကာကွယ်ရေးပစ္စည်းများ ညွှန်ကြားမှုဦးစီးဌာန(DDI) သို့မဟုတ် ၎င်းနှင့်ဆက်စပ်သော အရပ်ဘက်ဆိုင်ရာကုမ္မဏီများကို တင်ပို့ပေးလျက်ရှိနေကြောင်း SAC-M အဖွဲ့က ဆိုသည်။
ref CNA