
၁၄. ၃. ၂၀၂၅
Written by Nyein Kyaw
ဂျပန်ဗီဇာလျှောက်ထားသူ များပြားနေသောကြောင့် ဧပြီ ၁ ရက်မှစတင်၍ အွန်လိုင်းဘိုကင်စနစ်သစ် စတင်မည်ဖြစ်ပြီး အွန်လိုင်းဘိုကင် ကြိုတင်ရယူပြီမှသာ ဗီဇာလျှောက်ထားနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။
ဂျပန်သံရုံးကိုရောက်ရှိ၍ ဗီဇာလျှောက်ထားရာ၌ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် လျှောက်ထားသူများအားလုံးထံမှ ပူးပေါင်းကူညီမှုကို ရရှိလျက်ရှိသော်လည်း လျှောက်ထားသူအရေအတွက် ဆက်လက်များပြားလျက်ရှိသည်။
သို့ဖြစ်ပါ၍ လျှောက်ထားမှုများကို ပိုမိုအဆင်ပြေချောမွေ့စွာ လက်ခံဆောင်ရွက်နိုင်ရန်အတွက် ဧပြီလ ၁ ရက်နေ့မှစတင်ပြီး အွန်လိုင်းဘိုကင်စနစ်အသစ်ကို အသုံးပြုသွားမည်ဖြစ်ပြီး ဂျပန်သံရုံးတွင် ဗီဇာလျှောက်ထားလိုပါက အွန်လိုင်းဘိုကင်ကို ကြိုတင်ရယူပြီးမှသာ လာရောက်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း အသိပေးထားသည်။
အဖွဲ့အလိုက်မဟုတ်သည့် တစ်ဦးချင်းစီအလိုက် ဗီဇာလျှောက်ထားမည့်သူများသည် ဧပြီလ ၁ ရက်နေ့မှစတင်၍ Facebook၊ Telegramနှင့် ဂျပန်သံရုံးအင်တာနက်စာမျက်နှာတွင် ဖော်ပြပေးမည့် URL ကို အသုံးပြုနိုင်မည်ဖြစ်သောကြောင့် https://mm-emb-japan.revn.jp/?label=9 တွင် ဝင်ရောက်ကြည့်ရှုပေးရန် မေတ္တာရပ်ခံထားသည်။ အဖွဲ့အလိုက်မဟုတ်သည့် တစ်ဦးချင်းစီအလိုက် လျှောက်ထားခြင်း အတွက်သာဖြစ်သည်။
ခရီးသွားကုမ္ပဏီများ၊ အလုပ်သမားအေဂျင်စီများနှင့် ဂျပန်စာသင်တန်းကျောင်းများ စသည့် အဖွဲ့လိုက်လျှောက်ထားခြင်းများနှင့် ပတ်သက်၍ ဂျပန်သံရုံးတွင် ကိုယ်စားလှယ်လျှောက်ထားခွင့် အဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ထားပြီးသော ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းများထံသို့ အီးမေးလ်မှတစ်ဆင့် ကိုယ်ပိုင်အသုံးပြုနိုင်သော URL ကို ပေးပို့ပေးမည်ဖြစ်သောကြောင့် အဆိုပါ URLမှ တစ်ဆင့် ကြိုတင်ဘိုကင် ရယူနိုင်မည်ဖြစ်သည်။ ကြိုတင်ဘိုကင်နှင့်ပတ်သက်၍ အီးမေးလ် ryoji@yn.mofa.go.jp သို့ မေးမြန်းစုံစမ်းနိုင်ကြောင်း အသိပေးထားသည်။