

၁၄.၃.၂၀၂၅
Written By Zun
ထိုင်းနိုင်ငံသို့ ကရင်ပြည်နယ်၊ မြဝတီဘက်က ခိုးဝင်သည့် မြန်မာနိုင်ငံသား ၁၀ ဦးကို မဲဆောက်မြို့၊ ထိုင်း-မြန်မာ အမှတ် (၁) တံတားအနီးတွင် ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ယမန်နေ့ မတ်လ ၁၃ ရက် နံနက်တွင် မဲဆောက်မြို့၊ ထိုင်း-မြန်မာ အမှတ် (၁) တံတားအနီးရှိ တလာ့တ်လင်မွေ ဈေးအနောက်ဘက်သို့ ခိုးဝင်ချိန် နယ်စပ်လုံခြုံရေးအတွက် ကင်းလှည့်နေသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် တွေ့ရှိကာ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ထိုင်း-မြန်မာ အမှတ် (၁) တံတားအနီး တလာ့တ်လင်မွေဈေးဘက်တွင် ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့က လုံခြုံရေး စစ်ဆေးနေချိန် အထုပ်အပိုးကိုယ်စီနှင့် မသင်္ကာဖွယ်ရာ လူတစ်စုကိုတွေ့ရသောကြောင့် ခေါ်ယူစစ်ဆေးရာမှ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ဖမ်းဆီးခံရသူများမှာ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၆ ဦးဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း နေထိုင်ကြ သူများ ဖြစ်ကြောင်း၊ ယင်းတို့အနေဖြင့် ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်အတွင်း အလုပ်လုပ်ရန် တစ်ဦးလျှင် ပွဲစားခ တစ်ဦးစီ ဘတ် ၂၆၀၀၀ မှ ဘတ် ၃၀၀၀၀ ထိ ပေးဆောင်ခဲ့ရကြောင်း သိရသည်။
ယခုအခါ ဖမ်းဆီးရမိသည့် အဆိုပါ ၁၀ ဦးကို မဲဆောက်ရဲစခန်းအတွင်း ထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အရေးယူမှု ပြီးစီးပါက မြန်မာနိုင်ငံသို့ နှစ်နိုင်ငံ အစိုးရချင်း ချိတ်ဆက် ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။