



၁၄. ၃. ၂၀၂၅
Written by Nay Moe
ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း(ခ)ဝင်းလှိုင်ကိုကယန်းပြည်သစ်တပ်မတော်က ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှုဖြစ်ပွားခဲ့၍ ကျူးလွန်သူများအား ဖော်ထုတ်အရေးယူပေးရန် NUG ၏ နေပြည်တော် တိုင်းစစ်ဌာနက မတ်လ ၁၃ ရက် ညပိုင်းတွင် သတင်း ထုတ်ပြန်သည်။
ပြီးခဲ့သည့် မတ်လ ၃ ရက် နေ့လယ် ၁ နာရီတွင် နေပြည်တော်တိုင်းစစ်ဌာန၏ ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်းအား ကယန်းပြည်သစ်တပ်မတော် ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီးသိန်းဟန်နှင့် တွေ့ဆုံဆွေးနွေးရန်ဟုဆိုကာ ကယန်းပြည်သစ်နယ်မြေ၊ အမှတ်(၆) မြို့နယ် ဒုတပ်မဟာမှူးဖိုးခွားမှ လာရောက်ခေါ်ဆောင်သွားခဲ့သည်။






ကယန်းပြည်သစ်တပ်မတော်ဘက်သို့ နေပြည်တော်တိုင်းစစ်ဌာနမှ ၎င်းဖြစ်စဉ်အပေါ် အခြေအနေအကြောင်းအရင်းသိရှိရန် မတ်လ ၇ရက်တွင် စာထုတ်၍အကြောင်းကြားသော်လည်း အကြောင်းပြန်ကြားလာခြင်းမရှိကြောင်းနှင့် ကြားကာလအချိန်များတွင်လည်း ကယန်းပြည်သစ်တပ်မတော်နယ်မြေအထိ သွားရောက် တွေ့ဆုံဆွေးနွေးရန်ကြိုးစားခဲ့သော်လည်း ဗဟိုကော်မတီများမှ တွေ့ဆုံဖြေရှင်းပေးခြင်းမရှိခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
ထို့နောက် မတ်လ ၁၃ ရက်တွင် နေပြည်တော်တိုင်းစစ်ဌာနနှင့် မဟာမိတ်ညီနောင်အဖွဲ့အစည်းများ၏ စုံစမ်းထောက်လှမ်းပေးမှုအရ ကယန်းပြည်သစ် တပ်မတော် ရုံးစိုက်ရာနယ်မြေတစ်နေရာ၌ တော်လှန်ရေးဦးဆောင်သူ ရဲဘော်တစ်ဦးဖြစ်သည့် ရဲဘော်ကိုစိုင်း၏ရုပ်အလောင်းကို လူသားမဆန်စွာ ပြင်းပြင်းထန်ထန် ညှင်းပန်းနှိပ်စက်ထားသော ဒဏ်ရာများစွာဖြင့် ရှာဖွေတွေ့ရှိခဲ့သည်။
ထို့ကြောင့် ရဲဘော်ကိုစိုင်း၏ ဖြစ်စဉ်အပေါ်တွင် ကယန်းပြည်သစ်တပ်မတော်၌ တာဝန်အပြည့်ရှိကြောင်းနှင့် ဦးဆောင်စေခိုင်း ကျူးလွန်သူများကို ပြင်းထန်စွာအရေးယူဆောင်ရွက်ပေးရန် တောင်းဆိုထားပြီး တောင်းဆိုချက် သုံးချက်တွင် ကယန်းပြည်သစ်တပ်မတော်က ၃ ရက်အတွင်း ဖြစ်စဉ်အား တာဝန်အပြည့်အဝယူ၍ ဖြေရှင်းပေးရန်၊ အမိန့်ပေးစေခိုင်းသူနှင့် ကျူးလွန်သူအားလုံးကို ထိရောက် ပြင်းထန်စွာအရေးယူဆောင်ရွက်ပေးရန်နှင့် တော်လှန်ရေးအဝန်းအဝိုင်းတခုလုံးကို ခြိမ်းခြောက်မှုဖြစ်သဖြင့် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များအနေဖြင့် ဖြစ်စဉ်အား သမာသမတ်ကျစေဖို့ ဝိုင်းဝန်းကြိုးပမ်းကူညီပေးရန် တောင်းဆိုထားသည်။
၁၉၆၄ ခုနှစ်က စတင်ဖွဲ့စည်းပြီး ဗကပတို့၏ မဟာမိတ်ဖြစ်သော ကယန်းပြည်သစ်ပါတီ (KNLP)၏ လက်ရှိ ဥက္ကဋ္ဌမှာ ဦးသန်းစိုးနိုင်ဖြစ်ပြီး ကယန်းပြည်သစ်တော်လှန်ရေးကောင်စီ (KNLRC)အား ဗိုလ်မှူးချုပ်အိုက်နော်ထားက တာဝန်ယူကာ ကယန်းပြည်သစ် တပ်မတော်(KNLA) ၏ စစ်ဦးစီးချုပ်မှာ ဗိုလ်မှူးချုပ်မြားနို ဖြစ်သည်ဟုလည်း စုံစမ်းသိရသော်လည်း အထက်ပါသတ်ဖြတ်မှုဖြစ်စဥ်ကို KNLP ဘက်က တုံ့ပြန်ဖြေရှင်းလာမှု မရှိသေးချေ။ (Photo – KPV)