
၁၄.၃.၂၀၂၅
Written by Hey Mar
တပေါင်းလပြည့်နေ့ တစ်ရက်တည်းမှာတင် ရန်ကုန်မြို့လယ်ခေါင်မှာ ပိုင်ရှင်မဲ့ အလောင်းသုံးလောင်းကို လူမှုကူညီရေးအသင်းတွေက ကောက်ယူပေးခဲ့ရတယ်လို့ လူမှုကူညီရေးအသင်းတချို့ထံကနေ သိရပါတယ်။
မနေ့က မတ်လ ၁၃ ရက်နေ့ မနက်ပိုင်းမှာ
ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တစ်ထောင်ဆိပ်ကမ်းရေပေါ် ဆိပ်ခံဗောတံတားပေါ်မှာ သေဆုံးနေတဲ့ ပိုင်ရှင်မဲ့အမျိုးသားရုပ်အလောင်းကို တွေ့ရှိသယ်ဆောင်ခဲ့ရပြီး နေ့လယ်ပိုင်းမှာ ပန်းဘဲတန်းမြို့နယ် အနော်ရထာလမ်းမကြီး ၂၉လမ်းနဲ့လမ်း ၃၀ ကြားမှာ အမျိုးသားတစ်ဦးလဲကျသေဆုံးတာကို သက်ဆိုင်ရာရဲတပ်ဖွဲ့နဲအတူ လင်းလက်လူမှုကူညီရေးအသင်းကပဲ ပူးပေါင်းဆောင်ရွက်ကာ ရန်ကုန်ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ပထမ တွေ့ရှိတဲ့ ဆိပ်ခံ ဗောတံတားပေါ်က အမျိုးသားအလောင်းမှာ အသက် ၃၅ နှစ်အရွယ် လူရွယ်တစ်ဦးဖြစ်ပြီး ရန်ကုန်ဆေးရုံကြီးက PR-006 နဲ့ လက်ခံထားရှိတယ်လို့ သိရပါတယ်။

လင်းလက်လူမှုကူညီရေးအသင်း တာဝန်ရှိသူက “ပန်းပဲတန်းမှာ နေ့လယ်ခင်းကြီးလဲကျသေဆုံးတဲ့ အမျိုးသားက ဦးနှောက်သွေးကြောပြတ်တာ။
ကျိုလီယာနာရေးကူညီမှုအသင်းနာရေးကားနဲ့ DBကို ရေဝေးကို ပို့ဆောင်ပေးခဲ့ပါတယ်” လို့ MT News ကို ပြောပါတယ်။

မတ်လ ၁၃ ရက်နေ့ ညနေ ၅နာရီ အချိန်မှာလည်း မင်္ဂလာတောင်ညွန့်မြို့နယ် ကျီတော်ရပ်ကွက် ၊ ရေကျော်လမ်းထိပ် မီးပွိုင့် အနီး ပလက်ဖောင်းပေါ်မှာ အိမ်ခြေမဲ့ အသက် ၆၀ ကျော် အမျိုးသားတစ်ဦး အာဟာရ ပြတ်ကာ လဲကျသေဆုံးနေတာကြောင့် ကျီတော်ပရဟိတက သက်ဆိုင်ရာ အသီးသီးကို ဆက်သွယ်ချိတ်ဆက်ပြီး တာဝန်ရှိသူတွေက လိုအပ်သလို စစ်ဆေး ဆောင်ရွက်ပြီးတဲ့အခါ Happy Recuse အသင်းက ယာဉ်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။