
၁၄.၃.၂၀၂၅
Written by KL
အမြန်လမ်းမကြီး နေပြည်တော် – ရန်ကုန်လမ်းပိုင်း မိုင်တိုင်အမှတ် ၁၁၇/၂ဖာလုံတွင် မတ်လ ၁၃ ရက် ည ၆ နာရီ ၅၀ မိနစ်ခန့်က ယာဥ်နောက်လိုက် မောင်းနှင်သော မနော်တံခွန် ခရီးသည်တင်ယာဥ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက် မြေသားလမ်းပေါ်သို့ တိမ်းမှောက်ခဲ့ရာ ယာဥ်ပေါ်လိုက်ပါလာသူ ၁၀ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ကယ်ဆယ်ရေးသွားရောက်ဆောင်ရွက်ခဲ့သူများထံမှ သိရသည်။
မနော်တံခွန် Express အပြာရောင်ခရီးသည်တင်ယာဥ်ပေါ်တွင် ယာဥ်မောင်း၊ ယာဥ်နောက်လိုက်အပါအဝင် အမျိုးသား ၇ ဦး၊ အမျိုးသမီး ၅ ဦး၊ကလေးငယ် ၁ ဦးစုစုပေါင်း ၁၃ ဦးလိုက်ပါလာကာ ဆန်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူအိတ်များတင်ဆောင် မောင်းနှင်လာစဥ် လမ်းခုလတ်၌ အရှိန်လွန်တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဥ်တိမ်းမှောက်မှုကြောင့် မော်တော်ယာဥ်ကို မောင်းနှင်ခဲ့သော အသက် ၂၈ နှစ်အရွယ် ယာဥ်နောက်လိုက် ဦးညီညီတွင် ဘယ်လက်သန်းပေါက်ပြဲ၊ ဘယ်ဘက်ခါးပေါက်ပြဲ၊ တင်ပါးဆုံနာကျင်ဒဏ်ရာများရရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း၊ ကျန်ထိခိုက်ဒဏ်ရာရသူ ၉ ဦးမှာ အသက်အန္တရာယ် စိုးရိမ်စရာမရှိကြောင်း သိရသည်။
ကျန်ဒဏ်ရာရရှိသူများမှာ ခရီးသည်များ ဖြစ်ကြပြီး အသက် ၅ နှစ်အရွယ်မှ ၆၀ အရွယ်ရှိ အမျိုးသား ၄ ဦး ၊အမျိုးသမီး ၅ ဦးပါဝင်ကာ ပေါက်ပြဲဒဏ်ရာ၊ ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သဖြင့် ဖြူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
“ဒဏ်ရာရသူတွေက တန့်ဆည်ဘက်က လူတွေများတယ်။ ရန်ကုန်က လူလည်း ၃ယောက်လောက်ပါတယ် “ဟု ကယ်ဆယ်ရေး သွားရောက်ဆောင်ရွက်သူတစ်ဦးက ပြောသည်။
ခရီးသည်တင်ယာဥ်တိမ်းမှောက်မှုကြောင့် ယာဥ် ၏ ဦးခေါင်းပိုင်းနှင့် ကိုယ်ထည်ဘယ်ဘက်အခြမ်းပိန်ချိုင့်ကာ၊ ရှေ့လေကာမှန်နှင့် ဘေးလေကာမှန်များ ကွဲအက်ခြင်းများဖြစ်ပေါ်ခဲ့သဖြင့် ယာဥ်မောင်းသူ အသက် ၂၈ နှစ်အရွယ် ဦးညီညီကို ရာဇသတ်ကြီးပုဒ်မ ၃၃၈ /၃၃၇/ ၂၇၉ ဖြင့် ဖြူးရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။
မတ်လ ၁၂ ရက်၊ ညနေ ၄ နာရီ မိနစ် ၅၀ ခန့်ကလည်း အမြန်လမ်းမကြီး မန္တလေး – နေပြည်တော်ဘက်ခြမ်း၊ မိုင်တိုင် ၂၁၄ မိုင် ၆ ဖာလုံတွင် မြတ်မန္တလာထွန်း ခရီးသည်တင်ယာဥ် အင်ဂျင်ခန်း အပူလွန်ကဲ၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။