MT News
(ကနဦးသတင်းကို MT News သတင်းဌာနက ယနေ့နံနက်တွင် ဖော်ပြထားပြီး ယခုလင့်ခ်တွင် ဖတ်ရှုနိုင်သည်။
https://m.facebook.com/story.php?story_fbid=153278077496442&id=100084427521875&mibextid=Nif5oz )
ထိုင်းနိုင်ငံ စမုဆွန်ခါခရိုင်၊ စမုဆွန်ခရာမြို့ရှိ မဲခေါင်မြစ်ခွဲအတွင်း၌ ဆီတင်သင်္ဘော ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံသားအလုပ်သမားများ ပျောက်ဆုံးလျက်ရှိကြောင်း သိရှိရဖြင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဇန်နဝါရီ ၁၈ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် သွားရောက်စစ်ဆေးခဲ့ရာ မြန်မာလုပ်သား ၇ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စမုဆွန်ခါခရိုင်၊ မဲခေါင်မြစ်ခွဲအတွင်း၌ ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရန် ရပ်နားထားသည့် ဆီတင်ယာဉ်သင်္ဘော Smoosh Sea C22 သည် ဇန်နဝါရီ ၁၇ ရက် နံနက် ၁၀ နာရီတွင် အလုပ်သမား (၃၀)ဉီးခန့်ဖြင့် ဆီပိုက်လိုင်းများ ဂဟေဆော်သည့် လုပ်ငန်းများဆောင်ရွက်စဉ် ပိုက်လိုင်းများအတွင်းရှိ ဆီလက်ကျန်များမှတစ်ဆင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပျောက်ဆုံးလျက်ရှိသူများကို ရှာဖွေခဲ့ရာ ပေါက်ကွဲသည့်နေ့တွင် မြန်မာနိုင်ငံသားတစ်ဦး၏ ရုပ်အလောင်းကို စတင်ရှာဖွေတွေ့ရှိခဲ့ပြီး ယမန်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံသား၆ ဦးနှင့်ထိုင်းနိုင်ငံသား ၁ ဦးတို့၏ ရုပ်အလောင်းများကို ဆက်လက်ရှာဖွေတွေ့ရှိခဲ့သည်။
သံအမတ် ဦးသန်းထွေးက သေဆုံးသွားသည့် အလုပ်သမားများ၏ မိသားစုဝင်များကို သွားရောက်တွေ့ဆုံခဲ့ပြီး ၎င်းတို့၏ အာမခံကြေးများ၊ ဆုကြေးများ၊ နစ်နာကြေးများ မိသားစုဝင်များထံ အမြန်ဆုံးရရှိနိုင်ရေး ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရှင်များနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး သံရုံးအနေဖြင့် မိသားစု ဝင်များကို တစ်ဉီးလျင် ထိုင်းဘတ်ငွေ ၅၀၀၀/ စီ ထောက်ပံ့ပေးခဲ့ပါသည်။ ထို့ပြင် ထိခိုက် ဒဏ်ရာရရှိခဲ့သည့် မြန်မာနိုင်ငံသား(၂)ဉီးအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။