




၁၃.၃.၂၀၂၅
Written By Thandar
ယနေ့ မတ်လ ၁၃ ရက် တပေါင်းလပြည့်နေ့မှာ ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်ရှိ ကျိုက်မရောကျောင်း အမှတ် (၅)ဝိုင်း၊ ကန်ဦးကျောင်းတိုက်ခွဲရဲ့ ဦးစီးပဓာန နာယကနိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာ သဒ္ဒဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တဝါရိန္ဒ ဆရာတော်ဘုရားကြီးကို ဦးထိပ်ထားပြီးတော့ အလှူဒါယိကာမ ခိုင်နှင်းဝေရဲ့ ရှင်ပြု ၊ နားသအလှုတော် မင်္ဂလာပွဲအခမ်းအနားကို ကျင်းပခဲ့ပါတယ်။
“အမ ကလေးတွေကို ကိုယ့်သားမီးတွေလို ချစ်တာဖြစ်တဲ့အတွက်လေ ကလေးတွေကို လုပ်ပေးဖို့ တော်တော်လေး ကြိုးစားရတယ်။ ကလေးတွေ တော်ရုံတန်ရုံ လုပ်ပေးလည်း ရပါတယ်။ အကျဉ်းချုံးပြီး လုပ်ပေးလို့ရတယ်။ အမရဲ့ ကလေးတွေ လူတန်းစေ့နေနိုင်အောင် လုပ်ပေးတယ်။ တစ်ချိန်ကြရင် မိဘမဲ့ဆိုတာ သိရင်တောင် ဒီခေါင်းစဉ်အောက်မှာ မသိမ်ငယ်ဘဲ သူများကလေးတွေလို လုပ်နိုင်တယ်၊ စားနိုင်တယ်ဆိုတာမျိုး ယုံကြည်စိတ်လေး အမက ရှိစေချင်တယ်။ ပျော်ပျော်ပါးပါးနဲ့ ဘဝကို သူတို့ ဖြတ်သန်းစေချင်လို့ အမက ကြိုးစားပြီးတော့ လုပ်နေတာပါ။ ကလေးတွေကို ကိုယ်ချင်းစာလို့ပါ။ ဒီကလေးက ကြီးလာမှ မွေးလာတဲ့ ကလေးတွေမဟုတ်ဘူး။ အမေ့နို့တိုက်ပြီး မွေးလာတဲ့ကလေးတွေမို့ သံယောဇဉ်ရော ချစ်တာရော အတူတူပေါ့။ အမ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက ကြိုးစားပိုက်ဆံစုနေတာပါ။ ကိုယ့်အနုပညာကြေးတွေပါသလို ဒီအလှူအတွက်ဆိုပြီး ပိုက်ဆံစုတယ်။ အမက မနက်ဖြန် မွေးနေ့ ဖြစ်တဲ့အတွက် ဒီနေ့အလှူလေးလုပ်ဖြစ်သွားတာပါ။”လို့ သရုပ်ဆောင် ခိုင်နှင်းဝေက ပြောပါတယ်။







အဆိုပါ အလှူပွဲမှာ အလှူ့အမကြီး မေမေခိုင်ရဲ့ အဖိုးတန် ရတနာလေးတွေဖြစ်တဲ့ သားလှရတနာ ၁၂ ဦးဖြစ်တဲ့ ခိုင်ထွန်းတောက်မောင်၊ ခိုင်သူရမောင်၊ ခိုင်ခန့်မောင်၊ ခိုင်ဘုန်းမောင်၊ ခိုင်အံ့မင်းမောင်၊ ခိုင်ပြည့်စုံမောင်၊ ခိုင်မြင့်မားမောင်၊ ခိုင်မြဲမောင်၊ ခိုင်ထူးမောင်၊ ခိုင်ဦးမောင်၊ ခိုင်သစ္စာမောင်၊ ခိုင်ကောင်းကင်မောင်တို့ကို ရှစ်ပါးပရိက္ခရာ စုံလင်စွာနဲ့ ပဗ္ဗဇ္ဇအမွေသာမဏ္ဏေအဖြစ်ကို သွတ်သွင်းချီးမြှင့်ခြင်းမင်္ဂလာကို ကျင်းပခဲ့သလို သမီးလှရတနာ ၁၁ဦး ဖြစ်တဲ့ ခိုင်ညမိုးမေ၊ ခိုင်ပိတောက်မေ၊ ခိုင်တန်ခူးမေ၊ ခိုင်ရွှေသွန်းမေ၊ ခိုင်တင့်တယ်မေ၊ ခိုင်သီရိမေ၊ ခိုင်စိုပြေမေ၊ ခိုင်ဝင့်ထည်မေ၊ ခိုင်ဖူးပွင့်မေ၊ ခိုင်လမင်းမေ၊ ခိုင်မြင့်မိုရ်မေတို့ကို ကဏ္ဍဝဇ္ဈနအပ်သွားမြနဲ့ မြတ်သားနားသ မင်္ဂလာ အလှူတော်ကြီးကို ကျင်းပခဲ့ပါတယ်။
ဒီအခမ်းအနားကိုတော့ အနုပညာအသိုင်းအဝိုင်းက တက်ရောက်ခဲ့ကြပြီးတော့ ဘိသိက်သွန်းမင်္ဂလာပွဲကြီးနဲ့အတူ ဆံချမင်္ဂလာကို ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြပါတယ်။