MT News
လက်ရှိဖြစ်ပေါ်နေသည့် ကောလာဟလများကြောင့် ရွှေဈေးမတည်ငြိမ်မှုများအပေါ် ဖြေရှင်းရန်လိုအပ်ပါက အသင်းမှ ရွှေများထုတ်ရောင်းပေးနိုင်ပြီး ရွှေမရှားကြောင်း ဇန်နဝါရီ ၁၈ ရက်တွင် ရွှေဆိုင်များလုံခြုံရေးအတွက် ပန်းဘဲတန်းမြို့နယ် ရွှေဆိုင်လုပ်ငန်းရှင်များနှင် တွေ့ဆုံစဉ် ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။
“ရွှေနဲ့ပတ်သက်လို့ နိုင်ငံတော်က လိုအပ်တဲ့အချိန်မှာလည်း လိုအပ်သလို ပံ့ပိုးတာတွေ အများကြီးရှိပါတယ်။ အသင်းကလည်း ရွှေရောင်းချပေးနိုင်တယ်။ ရွှေမရှားဘူးလို့ သိဖို့အတွက် ဒီကုန်သည်တွေအားလုံး ဆိုင်ပိုင်ရှင်တွေအားလုံး ရွှေဈေးကွက်မှာစုပြီး ဈေးနှုန်းကို လျှော့ဈေးနဲ့ ရောင်းပေးတာတွေရှိပါတယ်။ အဲဒီလိုပဲ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း မရမ်းကုန်းကနေပြီး ရောင်းပေးတာလဲရှိပါတယ်။ ဗဟိုဘဏ်လမ်းညွှန်မှုနဲ့ပေါ့” ဟု ဦးမျိုးမြင့်က ပြောသည်။
လက်ရှိရွှေဈေးနှုန်း မတည်မငြိမ်ဖြစ်ပေါ်နေမှုများမှာ ရွှေဆိုင်များ ဆိုင်ဖွင့်ချိန်တွင် ရောင်းဝယ်မှုမရှိဘဲ ဆိုင်သိမ်းချိန်မှသာ ရွှေဈေးနှုန်းမေး၍ လူမှုကွန်ရက်စာမျက်နှာများတွင်ဖြန့်ကာ နောက်ရက်အဖွင့်ရွှေဈေးနှုန်းကို ဆွဲတင်ကစားနေခြင်းဖြစ်နေသည်ဟု ယင်းကဆိုသည်။
“အခုနောက်ပိုင်းမှာ ကောလာဟလတစ်ခုပေါ်တိုင်း တောက်လျှောက်လိုက်ပြီး ရှင်းနေရတာတွေရှိတယ်။ အခုရက်ပိုင်းမှာလည်း ကောလာဟလကို လွှင့်ထုတ်ပြီးတော့ ဈေးဆွဲတင်တာတွေ ရှိပါတယ်။ ဒါက နေ့ခင်းပိုင်း ဆိုင်သမားရောင်းတဲ့အချိန်မှာ မဟုတ်ဘူး။ ညနေ ဆိုင်ပိတ်သွားတဲ့အချိန်မှ ဖုန်းနဲ့ ဟိုကနေဆက် ဒီကနေဆက် Facebook မှာ တစ်ယောက်က တင်လိုက်။ ဒီဈေးနှုန်းကို အခြေခံပြီး နောက်နေ့မှာ ဈေးကစားတာတွေ ရှိပါတယ်။ ဆိုင်ပိုင်ရှင်တွေအနေနဲ့ ဒီဈေးကစာတာတွေကို လိုက်ပါဆောင်ရွက်ခွင့် မပြုလုပ်ဖို့ ပန်ကြားလိုပါတယ်” ဟု ဦးမျိုးမြင့်က ဆက်လက်ပြောသည်။
ယခင်က ရွှေဈေးကွက်အတွင်း ရွှေတစ်ကျပ်သား ၂၁ သိန်းမှ ၂၃ သိန်းအထိ တစ်ရက်ချင်း ဆွဲတင်မှုများရှိခဲ့သည့်အတွက် အောင်သမာဓိ၊ ဇွဲထက်၊ ဝိန့်စိန်၊ အကယ်ဒမီ ကဲ့သို့သော ဆိုင်ကြီး ငါးဆိုင်မှ တစ်ရက်လျှင် တစ်ဆိုင်ကို ရွှေငါးပိဿာ ရောင်းချပေးမှုများကြောင့် ဖြစ်သင့်ဖြစ်ထိုက်သည့် ရွှေဈေးနှုန်းသို့ ပြန်ဆင်းသွားခဲ့သည့် အခြေအနေများရှိခဲ့ကြောင်း ဦးမျိုးမြင့်က ဆိုသည်။
လက်ရှိရွှေစျေးကွက်အတွင်း ကျပ် ၂၇ သိန်းအောက်သာရွေစျေးရှိပြီး စျေးကစားသူများ အရေးယူရန် ဝိုင်းဝန်းစီစဥ်နေသည် အသိပေးပြီးနောက် ရွှေစျေးဆက်လက်မြင့်တက်ရာ တစ်ကျပ်သား ကျပ် ၂၉ သိန်းပတ်လည်ဖြစ်ခဲ့ပြီး ယနေ့တွင်မူ တစ်ကျပ်သား ကျပ် ၂၇၇၀၀၀၀ သို့ကျဆင်းခဲ့သည်။ သို့သော် ကမ္ဘာ့ရွှေစျေးမှာမူ တစ်အောင်စ ၁၉၁၃ ဒေါ်လာဖြင့် အမြင့်ပိုင်းတွင် ဆက်ရှိနေသည်။