




၁၃.၃.၂၀၂၅
Written By Thandar
ယနေ့ တပေါင်းလပြည့်နေ့ မတ်လ ၁၃ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ၉၃ ရပ်ကွက်ရှိ အောင်သုခပရိယတ္တိစာသင်တိုက်မှာ ဖွင့်လှစ်သင်ကြားပေးတဲ့ အောင်သုခဓမ္မစကူးလ် ဗုဒ္ဓဘာသာသင်တန်းကျောင်း ၉ နှစ်ပြည့်နှစ်ပတ်လည် နဲ့ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါတယ်။
“ဆရာတော်တို့က နှစ်စဉ် အောင်သုခဓမ္မစကူးလ် ဗုဒ္ဓဘာသာသင်တန်းကျောင်းကို ဖွင့်လှစ်သင်ကြားခဲ့ တာ ကြာပါပြီ။ ၂၀၂၁ ခုနှစ် ကိုဗစ်ကာလမှာ ၂ နှစ်လောက်နားပြီး ပြန် ဖွင့်လှစ်ခဲ့တာပေါ့။ ဒီနှစ်ဆိုရင် ၉ နှစ်ပြည့်ပါပြီ။ ကိုယ့်နိုင်ငံက အနာဂတ်ကလေးငယ်တွေ လိမ္မာရေးခြားရှိပြီးတော့မှ ဘာသာတရားနဲ့ မဝေးအောင် နိုင်ငံချစ်တဲ့စိတ်၊ ဘာသာ သာသနာကို ချစ်တဲ့စိတ်၊ တိုင်းပြည်ကို ကာကွယ်လိုတဲ့စိတ် ဘာသာသနာကို ကာကွယ်လိုတဲ့စိတ် ရရှိအောင်လို့ ဓမ္မစကူးလ်ကို ဖွင့်လှစ်ခြင်းဖြစ်ပါတယ်။ ဒီကာလကတော့ ကလေးတွေက ပြင်ပအာရုံတွေရဲ့ Facebook ၊ Internet တွေက အကြောင်းအကျိုးကြောင့် ဘာသာတရားနဲ့ဝေးလာကြပါတယ်။ ဓမ္မစကူးလ် ဖွင့်လှစ်ခြင်းအားဖြင့် ဒီကလေးတွေဟာ ဓမ္မစကူးလ်မတက်တဲ့ ကလေးတွေထက် ဆရာသမားတွေကို ပြောတတ် ဆိုတတ်တယ်။ နောက် မိဘကို ကူညီဖို့ ဆရာသမားကို ချစ်ခင်လေးစားဖို့ စိတ်တွေ အထိုက်အလျှောက်အားဖြင့် ရရှိလာပါတယ်။ ဘုန်းဘုန်းတို့ မှန်းသလောက်တော့ မရဘူးပေါ့။ဒီရပ်ကွက်က ဆင်းရဲတဲ့အတွက် တချို့အခက်အခဲ တွေလည်း ရှိပါတယ်။ အရမ်းမဟုတ်ပေမယ့် ထိုက်သင့်သလောက်တော့ မိဘကို ကူညီ သိတတ်ဖို့ ဆရာသမား လေးစားဖို့နဲ့ ကိုယ့်ကိုယ်ကိုယ်တာဝန်ယူတတ်ဖို့ အဓိကထားလေ့ကျင့်ပေးပါတယ်”လို့ အောင်သုခ ပရိယတ္တိစာ သင်တိုက် ပဓာနနာယက မြို့နယ်သံဃနယက ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တစန္ဒိမာဝံသက MT Entertainment ကို မိန့်တော်မူပါတယ်။
အဆိုပါ အခမ်းအနားကိုတော့ နမော တဿ သုံးကြိမ်ရွတ်ဖတ်ပူဇော်ပြီး ဘုရားရှိခိုး စတင် ဖွင့်လှစ်ခဲ့ ပြီး ဆရာတော်ဘဒ္ဒန္တစန္ဒိမာဝံသက ၂၀၁၃ ခုနှစ်ကတည်းက ဓမ္မစကူးလ်ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ကို မိန့်တော်မူပါတယ်။ ၂၀၁၃ ခုနှစ် ဓမ္မစကူးလ်ဖွင့်လှစ်ခဲ့စဉ်က ကျောင်းသားပေါင်း ၁၆၀ နဲ့ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးတော့ ၂ဝ၂၄/၂၅ ပညာသင်နှစ် သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနားနဲ့ ၉ နှစ်ပြည့်နှစ်ပတ်လည်စုံညီပွဲတော်မှာ ကျောင်းသားပေါင်း ၅၀၀ ကျော် ၆၀၀ နီးပါးတက်ရောက်ကာ သင်ကြားသူတွေကို ကျောင်းတက်မှန်ဆုတွေ ပေးအပ်ချီးမြှင့်ခဲ့ကြတယ်လို့ သိရပါတယ်။
ယနေ့ ကျောင်းသား ၄၀၀ ကျော်သင်တန်းဆင်းပွဲမှာတော့ ဓမ္မစကူးလ်ဘာသာရပ်တွေမှာ သေချာသင်ယူ လေ့လာသူ ကျောင်းသား/ကျောင်းသူတွေကို ဆုပေးခြင်း၊ ဓမ္မစကူးလ် ရန်ပုံငွေပွဲတော် အတွက် ကံထူးရှင်ရွေးချယ်ခြင်းနဲ့ မြန်မာမုန့် နိဗ္ဗာန်ဈေးပွဲတော်ကျင်းပခဲ့ပါတယ်။ မတ်လ ၁၄ ရက် ည ၇ နာရီမှာတော့ ဓမ္မစကူးလ်ဓမ္မသဘင် တရားချီးမြှင့်မှာဖြစ်သလို မတ်လ ၁၅ ရက် ည ၇ နာရီမှာတော့ ရုပ်ရှင်သရုပ်ဆောင် ဆုပန်ထွာ၊ အဆိုတော် ဟိန်းသူအောင်၊ ဆယ်လီ ပုတုတို့နဲ့အတူ ဓမ္မစကူးလ် ကျောင်းသားတွေက တေးသရုပ် ဖော်ကပြဧည့်ခံဖျော်ကြမှာဖြစ်တယ်လို့ သိရပါတယ်။