
MT News
၁၃.၃. ၂၀၂၅
ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူး၍ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) က စီစဉ်ကျင်းပသော “၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ” သုံးသပ်ဆွေးနွေးပွဲ (Forum on Myanmar Beyond 2025; Challenges and Opportunities in the Multipolar World) ကို ၂၀၂၅ ခုနှစ်၊ မတ်လ (၂၁) ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-I)တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသုံးသပ်ဆွေးနွေးပွဲတွင် “ပြောင်းလဲနေသော ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနှင့်အာရှ၏ အခန်းကဏ္ဍ”၊ “၂၀၂၅ အလွန် ဗဟုဝင်ရိုးကာလတွင် မြန်မာနိုင်ငံကြုံတွေ့ရမည့် ပထဝီစီးပွားရေး စိန်ခေါ်မှုများနှင့် ရရှိနိုင်သည့်အခွင့်အလမ်းများ” ၊ “၂၀၂၅အလွန် ဗဟုဝင်ရိုးကာလတွင် မြန်မာနိုင်ငံ ကြုံတွေ့ရမည့် ပထဝီနိုင်ငံရေးစိန်ခေါ်မှုများနှင့်ရရှိနိုင်သည့် အခွင့်အလမ်းများ” စသည့် ခေါင်းစဉ်သုံးခုကို တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း၊ အီတလီ၊ နီပေါနိုင်ငံတို့မှ ပထဝီစီးပွားရေးနှင့် ပထဝီနိုင်ငံရေးဆိုင်ရာကျွမ်းကျင်ပညာရှင်များနှင့် ပြည်တွင်းမှပညာရှင်များက ပါဝင်ဆွေးနွေးသွားမည်ဖြစ်ပြီး နိုင်ငံတကာမှလေ့လာသုံးသပ်သူများ (Observers) လည်း ပါဝင်တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
သုံးသပ်ဆွေးနွေးပွဲကို နိုင်ငံရေးအပြောင်းအလဲနှင့်အတူ နိုင်ငံတော်၏အခြေအနေမှန်ကို ကမ္ဘာကသိရှိစေပြီး မြန်မာနိုင်ငံအပေါ် နားလည်မှု၊ စာနာမှုများဖြင့် ပူးပေါင်းဆောင်ရွက်လာစေရန်၊ မဟုတ်မမှန်စွပ်စွဲပြောဆိုမှုများကို တန်ပြန်ချေဖျက်၍ နိုင်ငံ့ပုံရိပ်မြှင့်တင်ရန်နှင့် ၂၀၂၅ ခုနှစ်အလွန် ပြောင်းလဲလာနေသည့် ကမ္ဘာ့အခင်းအကျင်းဖြစ်သော ဗဟုဝင်ရိုးကမ္ဘာ (Multipolar World) တွင် ပေါ်ပေါက်လာမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများအား သိရှိပြီး ကြိုတင်ပြင်ဆင်နိုင်မည့် နည်းလမ်းများရရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲသို့ တက်ရောက်ရန် စိတ်ပါဝင်စားသူများအနေဖြင့် https://myanmarnarrative.org/ ၏ Registration Form မှတစ်ဆင့် အမည်စာရင်းပေးသွင်းနိုင်ပြီး အစီအစဉ်နှင့်ပတ်သက်၍ သိရှိလိုသည်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သုတေသနနှင့်သတင်းအချက်အလက်ဌာနခွဲ၊ တယ်လီဖုန်းအမှတ် ၀၆၇ ၃၄၁၂၁၈၇ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။