
၁၃. ၃. ၂၀၂၄
Written by Nyein Kyaw
နေပြည်တော်တွင် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ အောင်မြင်စွာ ကျင်းပခဲ့ပြီးနောက် ရန်ကုန်တိုင်းတွင်လည်း ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ ကျင်းပနိုင်ရေးအတွက် ပြပွဲကျင်းပမည့် ကျိုက္ကဆံကွင်း၌ ပြပွဲကျင်းပပြုလုပ်နိုင်ရေး စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့ ယမန်နေ့တွင် သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့သည်။
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို နေပြည်တော်တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီးဖြစ်၍ အားနည်းချက်များကို ဖြည့်ဆည်းပြီး အားသာချက်များကို ပိုမိုကောင်းမွန်အောင် ဖြည့်ဆည်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုပြုလုပ်မည့် MSME ထုတ်ကုန်ပြပွဲကို အဆင့်မီစွာကျင်းပနိုင်ရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက မှာကြားခဲ့သည်။
MSME ထုတ်ကုန်ပြပွဲကို အချိန်မီကျင်းပနိုင်ရေးအတွက် ဆိုင်ခန်းတည်ဆောက်ခြင်း၊ လျှပ်စစ်မီးရရှိရေး၊ ရေရရှိရေး၊ မိလ္လာစနစ်များ စသည်တို့နှင့်ပတ်သက်သည့် ကြိုတင်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို အချိန်ဇယားများ၊ အစီအမံများ ရေးဆွဲဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့ပြင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ထုတ်ကုန်ပစ္စည်းများ ဈေးကွက်ရရှိစေရန်၊ လုပ်ငန်းရှင်အချင်းချင်း ထုတ်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်ရန်၊ တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်၍ ပြည်ပတင်ပို့မှုကို တိုးမြှင့်နိုင်ရန်၊ MSME ထုတ်ကုန်များအား ပြည်သူအများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် MSME ထုတ်ကုန်ပြပွဲကို ကျင်းပခြင်းဖြစ်၍ အောင်မြင်အောင် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက မှာကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက တိုင်းဒေသကြီးအတွင်းရှိ MSME များအားလုံး ပါဝင်ပြသနိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ (ရန်ကုန်) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အစွမ်းကုန်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။