MT News
Written By Thandar
၂၀၂၃ ခုနှစ် တရုတ်နွေဦးနှစ်သစ်ကူးပွဲတော်ကို ကြိုဆိုတဲ့အနေနဲ့“မီဒီယာတွေ့ဆုံပွဲ”နဲ့ “ပျော်ပျော်ရွှင်ရွှင်တို့ဆင်နွှဲ ယုန်နှစ်နွေဦးနှစ်သစ်ကူးပွဲ”ကို ဇန်နဝါရီ ၁၈ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ အလုံမြို့နယ်က ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှာ ကျင်းပခဲ့ပါတယ်။
“ဒီအခမ်းအနားကတော့ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာနဲ့ Myanmar One Belt One Road Chamber of Commerce (MOBOR) တို့ အတူ ကြီးမှူးကျင်းပတဲ့ “ပျော်ပျော်ရွှင်ရွှင်တို့ဆင်နွှဲ ယုန်နှစ်နွေဦးနှစ်သစ်ကူးပွဲ”ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် “ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူး” လှုပ်ရှားမှုအစီအစဉ်ကို ပြင်ဆင်လုပ်ဆောင်နေပါတယ်။များပြားစုံလင်တဲ့ Online , Offline ကဏ္ဍတွဲ အစီအစဉ်တွေကနေတစ်ဆင့် မြန်မာပရိသတ်တွေ တရုတ်နွေဦးနှစ်သစ်ကူးပွဲတော်အကြောင်းကို ပိုမိုနားလည်သိရှိပြီးတော့ တရုတ်နွေဦး နှစ်သစ်ကူးပွဲတော်ယဉ်ကျေးမှုအလှတရား၊ ဘဝနေထိုင်မှုအလှတရား၊ သဟဇာတဖြစ်မှု အလှတရားတွေကိုခံစားသိရှိစေဖို့ အဓိက ရည်ရွယ်ပါတယ်။ အဓိကအစီအစဉ်များအနေနဲ့ ပထမတစ်ခုက“ကြည်နူးရွှင်ပျော်တရုတ်နှစ်သစ်ကူးပွဲတော်”စာစီစာကုံးပြိုင်ပွဲဖြစ်ပါတယ်”လို့ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ တာဝန်ခံ Ms.Xu Ling က ပြောပါတယ်။
”ကြည်နူးရွှင်ပျော်တရုတ်နှစ်သစ်ကူးပွဲတော်” စာစီစာကုံးပြိုင်ပွဲအချိန်ကာလကတော့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်ကနေ ၂၇ ရက်နေ့အထိ ဖြစ်ပါတယ်။ ဒုတိယတစ်ခုကတော့ “ဆုံစည်းပျော်မြူး တရုတ်နှစ်သစ်ကူး” ဓာတ်ပုံပြိုင်ပွဲ ဖြစ်ပြီး ပြိုင်ပွဲကာလကတော့ ၂၀၂၃ ခုနှစ်ဇန်နဝါရီ ၅ ရက်ကနေ ၂၈ ရက်နေ့အထိ ဖြစ်ပါတယ်။ တတိယတစ်ခုကတော့ ယနေ့ကျင်းပမဲ့ “ပျော်ပျော်ရွှင်ရွှင်တို့ဆင်နွှဲ ယုန်နှစ်နွေဦးနှစ်သစ်ကူးပွဲ” အစီအစဉ်ပဲ ဖြစ်ပါတယ်။
အစီအစဉ်မှာ ပြောင်မြောက်လှတဲ့ တရုတ်ယဉ်ကျေးမှုအနုပညာ အစီအစဉ်တွေကိုတင်ဆက်ဖွင့်ပြသွားမှာဖြစ်ပြီး တရုတ်နိုင်ငံမြောက်ပိုင်း ရေခဲဆီးနှင်းခရီးသွားလာမှုမိတ်ဆက်ခြင်း၊ ဟန်ရိုးရာဝတ်စုံဖြင့် ဓာတ်ပုံရိုက်ကူးခြင်း၊ စုတ်တံထိပ်ဖျားမှ တရုတ်နှစ်ကူးအငွေ့အသက်၊ တရုတ်နွေဦးနှစ်သစ်ကူးပွဲတော် အစားအစာများ မြည်းစမ်းသုံးဆောင်ခြင်း၊ ယုန်နှစ်မင်္ဂလာ – တရုတ်(၁၂)ရာသီခွင်ယဉ်ကျေးမှုပြပွဲ စတဲ့ ကဏ္ဍများ ပါဝင်မှာ ဖြစ်ပါတယ်။ စတုတ္ထတစ်ခုကတော့ ဖေဖော်ဝါရီ ၅ ရက်နေ့ ယွမ်ရှောင်း(Yuan Xiao)ပွဲတော် (ခေါ်) တရုတ်ရိုးရာမီးထွန်းပွဲတော်နေ့မှာ ကျင်းပမဲ့ “ယွမ်ရှောင်းပွဲတော် တို့နွှဲပျော်” လှုပ်ရှားမှုပွဲဖြစ်ပြီး “ကြည်နူးရွှင်ပျော် တရုတ်နှစ်သစ်ကူးပွဲတော်” စာစီစာကုံးပြိုင်ပွဲနဲ့ “ဆုံစည်းပျော်မြူး တရုတ်နှစ်သစ်ကူး” ဓာတ်ပုံပြိုင်ပွဲမှ ဆုရရှိသူများကိုပါ တစ်ခါတည်းဆုချီးမြှင့်သွားမယ်လို့ သိရပါတယ်။
အွန်လိုင်းမီဒီယာပလက်ဖောင်းကနေ ၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ မြောက်ပိုင်းရေခဲဆီးနှင်းခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ ၊ “အေးဆေးသာယာ စီချွမ်ပြည်နယ် ကြိုဆိုနွဲပျော်တရုတ်နှစ်သစ်ကူးပွဲတော်” ယုန်နှစ်မင်္ဂလာ -တရုတ်(၁၂) ရာသီခွင်ယဉ်ကျေးမှုပြပွဲ၊ “ပိုးလမ်းမ တေးသံသာ” တိုင်းရင်းသားရိုးရာ ဂီတတူရီယာတွေနဲ့ ယဉ်ကျေးမှုနှီးနှောဖလှယ်ခြင်း “ဂန္ထဝင်အမွေများစွာ ရှင်းကျန်းဒြပ်မဲ့ယဉ်ကျေးမှုလက်ရာ” ကဏ္ဍတွဲဗီဒီယို
အတိုများ၊ တရုတ်အရသာ နီရှာ့ခရီးစဉ်မှာ၊ “ကြိုဆိုရွှင်မြူး နွေဦးနှစ်သစ်ကူး၊ လှပသာယာ အတွင်းမွန်ဂိုးလီးယားမှာ” ဗီဒီယိုအတိုတူနွဲပျော်ရွှင်ပွဲတော်ရပ်သဘင် စတာတွေ အိုင်းလိုင်းကဏ္ဍတွဲကနေ တင်ဆက်သွားမယ်လို့ သိရပါတယ်။
“ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူး” လှုပ်ရှားမှုအစီအစဉ်ကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေးဝန်ကြီး ဌာနမှ ကြီးမှူးကျင်းပခြင်းဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်ကနေ စတင်ကျင်းပလာခဲ့တဲ့ ဒီလှုပ်ရှားမှုဟာ အခုဆိုရင် နှစ်ပေါင်း ၂၂ နှစ်တိုင် ရှိနေပြီဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း ၁၀၀ ကျော်မှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သလို ယင်းအစီအစဉ်အတွင်း ယဉ်ကျေးမှုကဏ္ဍပေါင်းများစွာကိုလည်း ပိုမိုတိုးတက်လာအောင် ထပ်မံထည့်သွင်း ဆောင်ရွက်လာနိုင်ခဲ့ပါတယ်လို့ သိရပါတယ်။