
၁၃. ၃. ၂၀၂၅
Photo by Ye Kyaw
မြန်မာသက္ကရာဇ် တစ်နှစ်တာရဲ့ နောက်ဆုံးလဖြစ်သလို မြတ်ဗုဒ္ဓဘုရားရှင် ပြည်တော်ဝင်ဖို့ စတင်တဲ့နေ့လည်းဖြစ်တဲ့ ယနေ့တပေါင်းလပြည့်နေ့မှာ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ဘုရားဖူးလာရောက် ကုသိုလ်ပြုသူများနဲ့ စည်ကားလျက်ရှိပါတယ်။
မြတ်ဗုဒ္ဓဘုရားရှင်ကို ဖခမည်းတော် သုဒ္ဓေါဒနမင်းကြီးနဲ့တကွ ဆွေတော်မျိုးတော်အပေါင်းတို့က ဖူးမြော်ခွင့်ရဖို့ မျှော်လင့်နေကြတဲ့အခါ ကာဠုဒါယီမထေရ်မြတ်က အေးချမ်းသာယာမှုအပေါင်းနဲ့ ပြည့်စုံတဲ့ တပေါင်းလမှာ မြတ်ဗုဒ္ဓကို ကပိလဝတ်ရွှေမြို့တော်သို့ ဒေသစာရီကြွချီတော်မူဖို့ သင့်လျော်ကြောင်း ဂါထာပေါင်း ၆၄ ဂါထာနဲ့ ချီးမွမ်းလျှောက်ထားခဲ့ပါတယ်။





ဒီလိုလျှောက်ထားတဲ့နေ့ဟာ မဟာသက္ကရာဇ် ၁၀၃ ခု တပေါင်းလပြည့်နေ့ဖြစ်တာကြောင့် တပေါင်းလပြည့်နေ့ကို မြတ်ဗုဒ္ဓဘုရားရှင် ပြည်တော်ဝင်ဖို့ စတင်တဲ့နေ့ဖြစ်လို့ ပြည်တော်ဝင်နေ့လို့လည်း သတ်မှတ်လေ့ရှိကြသလို တပေါင်းလပြည့်နေကို အကြောင်းပြုပြီး ဗုဒ္ဓသာသနာတော်မှာ ထူးခြားတဲ့ဖြစ်ရပ်နဲ့ မှတ်တိုင်ကြီးတွေလည်း ပေါ်ထွန်းခဲ့တဲ့ သာဓကများစွာလည်းရှိခဲ့ပါတယ်။
အဲဒီထဲကမှ ဗုဒ္ဓဘာသာဝင်တွေအပြင် မြန်မာနိုင်ငံနဲ့ပါ သက်ဆိုင်တဲ့ နေ့ထူးနေ့မြတ်တစ်ရက်ကတော့ ရွှေတိဂုံစေတီတော်မြတ်ကြီးကို မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပေါင်းလပြည့်နေ့မှာပဲ သိကြားမင်း၊ ဥက္ကလာပမင်းကြီး၊ တဖုဿနဲ့ ဘလ္လိက ကုန်သည်ညီနောင်တို့ ကြီးမှူးပြီး တည်ထားခဲ့တဲ့ဖြစ်စဉ်ဖြစ်ပါတယ်။






ဒါ့အပြင် တပေါင်းလဟာ မြန်မာလတွေထဲမှာ ၁၂-လမြောက်ဖြစ်ပြီး မြန်မာသက္ကရာဇ် တစ်နှစ်တာရဲ့ နောက်ဆုံးလဖြစ်လို့ နှစ်ဟောင်းရဲ့ အညစ်အကြေးတွေ ကုန်စင်ကင်းရှင်းစေဖို့ မြန်မာလူမျိုးတွေ ကောင်းမှုကုသိုလ်နဲ့ တရားပွဲတော်တွေ ကျင်းပလေ့ရှိတဲ့ နေ့တစ်နေ့လည်းဖြစ်ပါတယ်။