
၁၃.၃.၂၀၂၅
Written by KL
အမြန်လမ်းမကြီး မန္တလေး – နေပြည်တော်ဘက်ခြမ်း၊ မိုင်တိုင် ၂၁၄ မိုင် ၆ ဖာလုံတွင် ယမန်နေ့ မတ်လ ၁၂ ရက်၊ ညနေ ၄ နာရီ မိနစ် ၅၀ ခန့်က မြတ်မန္တလာထွန်း ခရီးသည်တင်ယာဥ် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ခရီးသည်တင်ယာဥ်မှာ ရန်ကုန်မှမန္တလေးသို့ မောင်းနှင်လာပြီး ခရီးသည် ၁၅ ဦးအပါအဝင် ၁၉ ဦးလိုက်ပါလာကြောင်း လမ်းခုလတ်တွင် ယာဥ်နောက်ဖက် အင်ဂျင်ခန်းပိုင်းမှ အပူလွန်ကဲ၍ ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများထံမှ သိရသည်။

ယာဥ်မီးလောင်မှုကြောင့် ယာဥ်တစ်စီးလုံးနီးပါးမီးလောင်ကျွမ်းခဲ့ပြီး ယာဥ်ပေါ်လိုက်ပါလာသူ ခရီးသည်များ၊ ယာဥ်မောင်းနှင့် ယာဥ်နောက်လိုက်များပါ ထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်း သိရသည်။

“ယာဥ်မောင်းက ကားဒိုင်ခွက်မှာ မီးပျောက်သွားလို့ ကားကို လမ်းဘေးချရပ်ပြီး စစ်နေတုန်း ယာဥ်နောက်စက်အင်ဂျင်ခန်းက မီးခိုးစထွက်တာ။ ဒါကြောင့် ခရီးသည်တွေကို ကားပေါ်ကနေ အရင်ဆင်းခိုင်းပြီး ရပ်ထားတုန်းမှာပဲ ဝါယာရှော့ခ်ဖြစ်ပြီး ကားမီးလောင်တာ။ ခရီးသည်တွေ ဒဏ်ရာရတာမရှိပါဘူး”ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
ခရီးသည်တင်ယာဥ် မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၂ စီးဖြင့် အမြန်လမ်း မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
ခရီးသည်တင်ယာဥ်မီးလောင်မှုနှင့်ပတ်သက်၍ အသက် ၄၄ နှစ်အရွယ် ယာဥ်မောင်းအမျိုးသားကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် ပန်းတင်အမြန်လမ်းရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။