
၁၃.၃.၂၀၂၅
Written by KL
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ မုန်းဇလဲကျေးရွာတွင် မတ်လ ၁၂ရက် ညနေ ၃ နာရီ ၁၀ မိနစ်ခန့်က ပေါ့ဆမီးကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ ၃၆၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့ပြီး လူဦးရေ ၁၈၀၀ ကျော်မီးဘေးသင့်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မီးလောင်ချိန်တွင် လေတိုက်ခတ်မှုကြမ်းသဖြင့် အိမ်ခြေအများအပြား မီးလောင်ခဲ့ရခြင်းဖြစ်ပြီး လတ်တလော မတ်လ ၁၂ ရက် ည ၈ နာရီအထိ ကောက်ခံထားသော စာရင်းများအရ အိမ်ခြေ ၃၅၉ လုံး မီးလောင်ဆုံးရှုံးခဲ့ရသော်လည်း လူသေဆုံးမှုမရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“တစ်ရွာလုံးနီးပါးကုန်သလောက်ပါပဲ။ ရှိသမျှကုန်တဲ့ ဘဝရောက်သွားကြပြီ။ တတ်အားသမျှ ပါဝင်ကူညီပေးကြပါဦးဗျာ”ဟု မုန်းဇလဲရွာသားတစ်ဦးက ပြောသည်။

မုန်းဇလဲကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကို ပွင့်ဖြူမြို့နယ်၊ စလင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဥ် ၉ စီး၊ ရေသယ်ယာဥ် ၂ စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင်မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။

မုန်းဇလဲကျေးရွာသည် အိမ်ခြေ ၇၀၀ ကျော်၊ လူဦးရေ ၃၀၀၀ ကျော် နေထိုင်သော ရွာကြီးတစ်ရွာဖြစ်ကြောင်း သိရသည်။ မီးဘေးသင့်သူများမှာ စားဝတ်နေရေးနှင့် သောက်သုံးရေအပါအဝင် အကူအညီများစွာလိုအပ်နေပြီး လှူဒါန်းထောက်ပံ့နိုင်ကြောင်း သမ္မာဆန္ဒကရုဏာရှင်များနာမှုကူညီရေးအသင်း(ပွင့်ဖြူ)ထံမှ သိရသည်။

လှူဒါန်းလိုသူများအနေဖြင့် သမ္မာဆန္ဒကရုဏာရှင်များနာမှုကူညီရေးအသင်း(ပွင့်ဖြူ) ဖုန်း – 09256544398နှင့် 09424218182 တို့ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။