
၁၃. ၃. ၂၀၂၅
Written by Thettant
လိုင်လီဟာ ဒေါ့မွန်ရဲ့ ပြိုင်ဘက်အဆင့်မရှိခဲ့တဲ့ ၁၆ သင်းအဆင့်မှာ ဒေါ့မွန်က အဝေးကွင်း ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့လို့ နှစ်ကျော့ပေါင်း ၃ ဂိုး ၂ ဂိုးနဲ့ ဒေါ့မွန် ကွာတားတက်ခဲ့သလို ပထမအကျော့က ၇ ဂိုးသွင်းခဲ့တဲ့ PSV ကို မနိုင်ပေမဲ့ ၂ ဂိုးစီသရေကန်လို့ နှစ်ကျော့ပေါင်း ၉ ဂိုး ၃ ဂိုးနဲ့ အာဆင်နယ် နောက်တစ်ဆင့်တက်တဲ့အပြင် အဝေးကွင်းမှာ ခြေစွာပြီး ကလပ်ဘရုဂ်ကို ၃ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့တဲ့ အက်စတွန်ဗီလာကလည်း ဒီအိမ်ကွင်းမှာ ၃ ဂိုးပြတ်ထပ်နိုင်ပြီး ကွာတားတက်ပါတယ်။

ရင်ခုန်စိတ်လှုပ်ရှားစရာက မက်ဒရစ်ဒါဘီမှာဖြစ်ပေါ်လာပြီး အိမ်ကွင်းတုန်းက ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့တဲ့ အသလက်တီကိုကို ရီးရဲက အဝေးကွင်းမှာ ဂယ်လက်ဂျာရဲ့ ၂၇ စက္ကန့်သွင်းဂိုးကြောင့် ၁ ဂိုး ဂိုးမရှိနဲ့ ပြန်ရှုံးလို့ အချိန်ပိုကို ခရီးဆက်ခဲ့ရပါတယ်။
တော်ဝင်ပြိုင်ဘက်ကို အနိုင်မခံရလိုဇောနဲ့ ဂိုးပဲသွင်းဖို့ ကြိုးပမ်းနေတဲ့ တီကိုဟာ ဂိုးပေါက်ကန်သွင်းချက်ကလွဲရင် ဘာတစ်ခုမှ အသာမရဘဲ ချန်ပီယံသဘာနဲ့ အေးဆေးဆော့နေတဲ့ ရီးရဲကို မနိုင်တာကြောင့် ပင်နယ်လ်တီကို ခရီးဆက်ရပါတယ်။
ပင်နယ်လ်တီမှာ ဘာပေ၊ ဘယ်လင်ဟမ်၊ ဗယ်လ်ဗာဒီတို့ကို မတားဆီးနိုင်ခဲ့တဲ့ အိုဘလက်ခ်ဟာ ဗက်ကွက်ဇ်ကို တားဆီးနိုင်ခဲ့ပေမဲ့ ကော့စ်တွိုက်က အယ်ဗာရက်ဇ်နဲ့ လော်ရန်တေးတို့ကို တားဆီးနိုင်ခဲ့တာကြောင့် ဆော်လော့နဲ့ ကော်ရဲရားတို့ ကြိုးပမ်းမှူတွေ အချည်းနှီးဖြစ်ခဲ့ပြီး နောက်ဆုံးသောဂိုးကို ရူဒီဂါက အမှားအယွင်းမရှိ ကန်သွင်းခဲ့တာကြောင့် တီကိုဟာ သူသိမ်ငယ်နေကြ မြို့ခံပြိုင်ဘက်ကို ပင်နယ်လ်တီမှာ ၄ ဂိုး ၂ ဂိုးနဲ့ ဒူးထောက်လိုက်ရပြန်ပါတယ်။

ဒီအရှုံးက တီကိုအဖို့ အရေးကြီးတဲ့ပွဲတိုင်းမှာ တော်ဝင်ပြိုင်ဘက်ကို အရေးနိမ့်မှု ပဉ္စမအကြိမ်ဖြစ်သလို ဂယ်လက်ဂျာရဲ့ အမြန်ဆုံးဂိုးကလည်း အချည်းနှီးဖြစ်ခဲ့တာကြောင့် ကွာတားဖိုင်နယ်မှာတော့ ဘိုင်ယန်- အင်တာ၊ အာဆင်နယ်၊ ရီးရဲ၊ ဘာကာ – ဒေါ့မွန်နဲ့ PSG – ဗီလာတို့ ဆီမီးတက်ဖို့ ကြိုးပမ်းမှုတွေ ရှုစားရတော့မှာဖြစ်ပြီး သက်တမ်း ၁၃၈ နှစ်လောက်ဖြစ်လာတာတောင် ချန်ပီယံလိဂ်မှာ ချန်ပီယံမဖြစ်ဖူးတဲ့ ဂန်းနားတွေအဖို့ ဒီနှစ်လည်း ကွာတားကနေ နှုတ်ဆက်ရနိုင်တဲ့ ချန်ပီယံလိဂ်ဘုရင်ကို စောစောစီးစီးတွေ့ရတဲ့ ပွဲကျပ်ကို ကြုံလာရပြီဖြစ်ပါတယ်။