
၁၂. ၃. ၂၀၂၅
Written by Nyein Kyaw
စက်မှုလယ်ယာ စနစ်ကျလယ်မြေ ဖော်ထုတ်ခြင်းလုပ်ငန်းအား စွမ်းဆောင်ရည်မြှင့်တင်ရန်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့အတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ယနေ့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့သည်။
SAC ဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျသီရိမြိုနယ်၊ အောင်ဇေယျ၊ မအူတော၊ သက်နှင်းအင်း ကျေးရွာအုပ်စု၊ ပင်လောင်းလမ်းဆုံအနီးရှိ စက်မှုလယ်ယာ စနစ်ကျလယ်မြေ ဖော်ထုတ်ခြင်းစီမံကိန်းနေရာသို့ သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ပြီး စက်မှုလယ်ယာ စနစ်ကျ လယ်မြေဖော်ထုတ်ခြင်းသည် အရင်းအနှီးကြီးမားသည့် လုပ်ငန်းရပ်တစ်ခုဖြစ်သော်လည်း အကျိုးအမြတ်များပြီး တစ်ဦးချင်းစီနှင့် နိုင်ငံတော်အတွက် အကျိုးရှိသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် စက်မှုလယ်ယာ စနစ်ကျလယ်မြေ ဖော်ထုတ်ခြင်းလုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ဆောင်ရွက်သွားရန်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယခုဖော်ထုတ်ပြီးစီးသည့် စက်မှုလယ်ယာစနစ်ကျလယ်မြေကို စံပြဖြစ်အောင် ဆောင်ရွက်သွားရန်လိုပြီး စိုက်ပျိုးမှု၊ ထွက်ရှိမှုတို့ကို စနစ်တကျမှတ်တမ်းတင်ထားရှိရန်လိုကြောင်း၊ စိုက်ဧကများအားလုံး၌ မည်သည့်သီးနှံကို စိုက်ပျိုးသည်ဖြစ်စေ အပင်ရေပြည့်မီအောင် စိုက်ပျိုးသွားရန်လည်းလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့နောက် စိမ်းစားပင်ကျေးရွာရှိ မြန်မာ-ကိုရီးယား အဆင့်မြင့်ဆန်စက်သို့ ရောက်ရှိခဲ့ပြီး အဓိကအားဖြင့် ဆန်များအရည်အသွေးကောင်းမွန်ရန်လိုပြီး ပြည်သူများ အဆင့်မီမီစားသုံးနိုင်ရမည်ဖြစ်ကြောင်း၊ ဈေးကွက်ရှိပြီး အရည်အသွေးမီသည့်ဆန်များ ဖြစ်ရန်လိုကြောင်း၊ Eating Quality ကောင်းပြီး ဈေးကွက်ရရှိနိုင်သည့်ဆန်များ ပိုမိုစိုက်ပျိုးထုတ်လုပ်ရန်လိုကြောင်း၊ မြန်မာ့ဂုဏ်ဆောင် ပေါ်ဆန်းမွှေးဆန်အား ကမ္ဘာ့ဈေးကွက်ရရှိရေး ကြိုးပမ်းရန်လိုကြောင်း SAC ဥက္ကဋ္ဌက မှာကြားခဲ့သည်။
ထို့ပြင် SAC ဥက္ကဋ္ဌသည် နဝင်းချောင်းတံတား(အဆုံ)နေရာသို့ သွားရောက်ပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း မိုးအဆက်မပြတ်ရွာသွန်းကာ ရေတိုက်စားမှုကြောင့် တံတားပြိုကျပျက်စီးခဲ့မှုအား ၄ လမ်းသွားတိုးချဲ့တည်ဆောက်ပြီးစီးမှု၊ တံတားချဉ်းကပ်ရေလမ်းအနီး မြစ်ကြောင်းဖြောင့်ခြင်း၊ မြေထိန်းနံရံများပြုလုပ်ခြင်း၊ သောင်တူးဖော်ခြင်းစသည့်လုပ်ငန်းများ၊ တပ်ကုန်းမြို့နယ်၊ ရှောက်ကုန်းကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန ဆောင်းနေကြာ ဧက ၈၀ စိုက်ခင်းနေရာနှင့် တပ်ကုန်းမြို့နယ်၊ ကံကြီးကျေးရွာရှိ ကံကြီးမွေးမြူရေးဇုန်များသို့ သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့သည်။