အိန္ဒိယနယ်မြေကိုအသုံးပြုပြီး မြန်မာအစိုးရကို ဆန့်ကျင်မှုနှင့် မြန်မာ့နယ်မြေကိုအသုံးပြုပြီး အိန္ဒိယအစိုးရကို ဆန့်ကျင်နေသည့် အုပ်စုများကို မြန်မာနိုင်ငံအနေဖြင့် လက်ခံမထားကြောင်းပါ ပြော

၁၂. ၃. ၂၀၂၅
Written by Nyein Kyaw
ကဘော်ချိုင့်ဝှမ်းဒေသသည် မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား နယ်စပ်ဒေသတိုင်းတာပြီးစီးမှုများအရ မြန်မာပိုင်နက်ဖြစ်ကြောင်းနှင့် အိန္ဒိယနိုင်ငံဘက်ရှိ နိုင်ငံရေးသမားတချို့အနေဖြင့် နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားအောင် မလုပ်ဆောင်သင့်ကြောင်းနှင့် မြန်မာ့အချုပ်အခြာအာဏာ၊ နယ်မြေပိုင်ဆိုင်မှုကို လေးစားသင့်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် လွှတ်တော်အမတ် K. Vanlalvena က အိန္ဒိယနှင့် နယ်စပ်ချင်းထိစပ်နေသည့် မြန်မာနိုင်ငံ အနောက်မြောက်ဘက်ဒေသကို သွားရောက်ခဲ့သလို မီဇိုရမ်ပြည်နယ်မှ မြန်မာ နိုင်ငံအတွင်း နယ်စပ်ဖြတ်ကျော်ပြီး သွားရောက်ခဲ့ကြောင်း၊ အဆိုပါ ခရီးစဉ်နှင့် ပတ်သက်ပြီး မီဇိုရမ်ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့်တပ်ကို အသိပေးအကြောင်းကြားခဲ့ကြောင်း၊ အဆိုပါခရီးစဉ်အတွင်း CNS၊ CNA၊ Chin PDF အဖွဲ့များနှင့် တွေ့ဆုံခဲ့ကြောင်း THE HINDU သတင်း Website တွင် ဖော်ပြထားသည်။
ထို့ပြင် အိန္ဒိယ-မြန်မာ နယ်စပ်ချင်း ဆက်စပ်နေသည့် ကဘော်ချိုင့်ဝှမ်းဒေသနှင့် ပတ်သက်ပြီးလည်း အိန္ဒိယအထက်လွှတ်တော်အစည်းအဝေးတွင် မဏိပူရပြည်နယ် ပါလီမန်လွှတ်တော်အမတ်တစ်ဦးက ကဘော်ချိုင့်ဝှမ်းဒေသသည် ယခင်သမိုင်းကြောင်းအရ အိန္ဒိယဘက်က ပိုင်ဆိုင်သည်ဆိုသော သဘောမျိုးပြောကြားခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

မီဇိုရမ်ပြည်နယ်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံခြားသားများကိစ္စနှင့် ပတ်သက်ပြီး ယခု မတ်လ ၁၀ ရက်နေ့တွင် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Lalduhoma က မီဇိုရမ်ပြည်နယ်လွှတ်တော်တွင် ပြောကြားခဲ့ကြောင်းနှင့် ပြီးခဲ့သည့်နှစ် ဇွန်လမှ ဒီဇင်ဘာလအတွင်း နယ်စပ်ဒေသဖြစ်သည့် AIZAWAL သို့ နိုင်ငံခြားသား ၂,၀၀၀ နီးပါး လာရောက်လည်ပတ်ပြီး ပြည်နယ်အတွင်း သွားရောက်လည်ပတ်ခြင်းကို မတွေ့ရဘဲ အဓိကရည်ရွယ်ချက်က မြန်မာနိုင်ငံအတွင်း ဖြတ်ကျော်ဝင်ရောက်ပြီး မြန်မာ့ပြည်တွင်းရေးများကို ဝင်ရောက်စွက်ဖက်ရန်ဖြစ်ကြောင်း လွှတ်တော်တွင် တရားဝင်တင်ပြခဲ့သည့် သတင်းကိုလည်း THE TIME OF INDIA သတင်းဌာနမှ ပြောကြားထားကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး မီဒီယာတွေရဲ့ မေးမြန်းချက်ကို ကျွန်တော်ပြောကြားလိုတာကတော့ မြန်မာနဲ့ အိန္ဒိယနိုင်ငံဆိုတာ မိတ်ဆွေကောင်းနိုင်ငံတွေဖြစ်ပါတယ်။ အိန္ဒိယရဲ့ Act East Policy နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ကတော့ ယခင်ကလည်း ပြောကြားခဲ့ပြီးဖြစ်တဲ့အတိုင်း မြန်မာနိုင်ငံအစိုးရအနေနဲ့ အိန္ဒိယနယ်မြေကို အသုံးပြုပြီး မြန်မာကိုဆန့်ကျင်နေတဲ့အုပ်စုများကို မလိုလားသလို မြန်မာနယ်မြေကို အသုံးပြီး အိန္ဒိယအစိုးရကို ဆန့်ကျင်နေတဲ့အုပ်စုများကိုလည်း မြန်မာနိုင်ငံအနေနဲ့ လက်ခံမထားပါဘူး။ ဒီဟာတွေနဲ့ပတ်သက်ပြီး နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေ အများကြီးရှိခဲ့ပါတယ်။ အောင်မြင်မှုတွေ အများကြီးရှိခဲ့ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုကိုလည်း လက်တွေ့ပြသပြီးဖြစ်တယ်ဆိုတာ အိန္ဒိယနိုင်ငံအစိုးရအနေနဲ့ ဒါသိပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယနဲ့အတူတူပဲ ယခင်ကတည်းကတိုင် သဘောတူထားတဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်အတိုင်းပဲ နေထိုင်လျက်ရှိပါတယ်။ မိတ်ဆွေကောင်းပီသစွာ နေထိုင်လျက်ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မြန်မာ-အိန္ဒိယနယ်စပ်နှင့်ပတ်သက်ပြီး နယ်စပ်ဒေသ ၁,၀၁၀ မိုင်ကျော် (၁,၆၂၆ ကီလိုမီတာ) ရှည်လျားပြီး ၉၀၇ မိုင်ကျော် (၁,၄၆၀ ကီလိုမီတာကျော်)သည် တိုင်းတာပြီးဖြစ်ကြောင်း၊ ယခုပြောဆိုနေသည့် ကဘော်ချိုင့်ဝှမ်းဒေသဆိုသည်မှာလည်း ယခင်တိုင်းတာပြီးစီးမှုတွင် အသိအမှတ်ပြုပြီးဖြစ်ကြောင်း၊ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်ခြားသတ်မှတ်ချက်အနေဖြင့် ၂၀၁၄ ခုနှစ် မေလ ၈ ရက်နေ့တွင် ချုပ်ဆိုထားသည့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာလည်းရှိပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ကဘော်ချိုင့်ဝှမ်းဒေသနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ယခင်တုန်းကလည်း ၂၀၁၃ တုန်းကလည်း အိန္ဒိယရဲ့ အတိုက်အခံပါတီတစ်ခုဖြစ်တဲ့ BJP ပါတီက တမူး၊ ကလေး၊ မင်းကင်းမြို့နယ်တွေပါဝင်တဲ့ ကဘော်ချိုင့်ဝှမ်းဒေသကို ပြန်ယူပေးမယ်ဆိုပြီး မဲဆွယ်ခဲ့တာရှိခဲ့တယ်။ ဒါတွေကိုလည်း ကလေးမြို့မှာရော၊ မင်းကင်းမြို့မှာရော ဒေသခံတွေက ဆန္ဒပြကန့်ကွက်ခဲ့တာမျိုးတွေရှိပါတယ်။ ဒါကြောင့်မို့ ကျွန်တော့်အနေနဲ့ ပြောကြားချင်တာကတော့ မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံအတွက် အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းအဖြစ် အမြဲရပ်တည်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာရှိတဲ့ အချို့သောနိုင်ငံရေးသမားတွေအနေနဲ့ မိမိရဲ့နိုင်ငံရေးလိုဘတစ်ခုတည်းကိုကြည့်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို ပျက်ပြားအောင် မလုပ်သင့်ဘူးဆိုတာ ပြောကြားလိုပါတယ်။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်ဆိုင်မှုကို လေးစားသင့်တယ်လို့ ပြောကြားလိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ အသိပေးသင့်တာတွေ၊ ပြောဆိုသင့်တာတွေကို ဆက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။