၁၉. ၁. ၂၀၂၃
Written By Thandar
လူကြီးလူငယ်မရွေး ပရိသတ်အားပေးမှုရရှိထားတဲ့အဆိုတော် ဟဲလေးကတော့ သီချင်းမထွက်တာ ၂ နှစ် ကျော်မှ ပထမဆုံးပြန်ထွက်လာတဲ့ I’m Oo သီချင်းလေးပါလို့ ပြောပါတယ်။
I’m Oo Music Video ကိုတော့ ဒီနေ့ ဇန်နဝါရီ ၁၉ ရက် နံနက် ၁၀နာရီ ၁၀ မိနစ်မှာ He’Lay Facebook, YouTube, https://youtube.com/@HeLay စတာတွေကနေ တင်ပေးသွားမယ်လို့ ပြောပါတယ်။
” သီချင်းမထွက်တာ ၂နှစ်ကျော်မှ ပထမဆုံး ပြန်ထွက်လာတဲ့ သီချင်းလေးပါ။ ဒီသီချင်းက အရမ်းတော့ မမြူးဘူး။ ခပ်ငြိမ့်ငြိမ့်လေးပါ။ အကို အသက် ၄၀ပြည့်မှာ ရေးတဲ့သီချင်းလေးပါ။ အသက်အရွယ်တစ်ခုရလာတော့ ကိုယ့်ရဲ့ သီချင်းဖန်တီးပုံစံလေး ပြောင်းပြောင်းသွားတယ်။ သူငယ်ချင်းနဲ့ အတူတွဲဆိုထားတဲ့ သီချင်းလေးပါ”လို့ အဆိုတော် ဟဲလေးက ပြောပါတယ်။
ဒီသီချင်းလေးကို အဆိုတော်ဟဲလေးက ကိုယ်တိုင်ရေးသားထားပြီး သူငယ်ချင်းဖြစ်သူ ပိုင်သစ်က ပါဝင်သီဆိုထားပါတယ်။ တီးခတ်မူအပိုင်းကတော့ ကိုမျိုးဇော်ထက်နဲ့ဖြစ်သလို အချိန် ၄ မိနစ်အတွင်း ကြည့်ရှုလို့ကောင်းအောင် ကြိုးစားထားတယ်လို့ သိရပါတယ်။
ဒါရိုက်တာပြည့်ဖြိုးနိုင်က ၁၉၉၀ ပြည့်နှစ်ကပုံစံ ပုံဖော်ရိုက်ကူးပေးထားပြီး ဟဲလေး၊ ပိုင်သစ်၊ နော်ဖော်အယ်ထား၊ နန်းစန္ဒာလှထွန်းတို့က ပါဝင် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
“ဒီသီချင်းရဲ့ Music Video ကို ၁၉၉၀ တုန်းက ကားဒီဇိုင်းတွေ၊ ပါတီပွဲ ပုံစံဒီဇိုင်းတွေနဲ့ အကောင်းဆုံး ဖန်တီးရိုက်ထားတယ်။ အကိုရဲ့ ဟဲလေးကို မြင်နေကျပုံစံမဟုတ်ဘဲ ပြောင်းထားတယ်”လို့ သူကဆက်ပြောပါတယ်။