



၁၂.၃.၂၀၂၅
Written by KL
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ဆည်ကြီးကျေးရွာရှိ ဆည်ကြီးချောင်းတွင် ယနေ့ မတ်လ ၁၂ရက် မွန်းလွဲ ၂ နာရီခွဲခန့်က လူငယ်တစ်ဦး ရေဆင်းချိုးရာမှ ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူများထံမှ သိရသည်။
သေဆုံးသူမှာ ပျဥ်းမတောကျေးရွာတွင် နေထိုင်သော အသက် ၁၅ နှစ်အရွယ် မောင်မြတ်မင်းမောင်ဖြစ်ပြီး ဆည်ကြီးချောင်းတွင်ရေဆင်းချိုးရာမှ ရေနစ်ကာ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။
ရေနစ်ပျောက်ဆုံးသော လူငယ်ကို ရမည်းသင်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေခဲ့ရာ ၁၅ မိနစ်ခန့်အကြာတွင် ရေနစ်သေဆုံးနေသော လူငယ်၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူ၏ရုပ်အလောင်းကို စေတနာလူမူကူညီရေးအသင်း၏ လူနာတင်ယာဉ်ဖြင့် ရမည်းသင်းခရိုင်ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။