MT News
Written by Nay Aung
ထိုင်းနိုင်ငံသို့တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းသည့် မြန်မာနိုင်ငံသားများကို ခေါ်ဆောင်လာသော ပစ်ကပ်ကားတစ်စီးသည် ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းတွင် အာရှလမ်းမကြီးတစ်လျှောက်ရှိ မောင့်ခရိုင် Tha Khae ဒေသရှိ အမှတ် ၅ ရွာအနီးတွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ပုန်းအောင်းရန်အတွက် ရွာထဲသို့ထွက်ပြေးခဲ့သော မြန်မာနိုင်ငံသား ၃၀ ဦး ဖမ်းဆီးစစ်ဆေးခံနေရကြောင်း သိရသည်။
ထိုင်းနိုင်ငံ Muang Phatthalung ရဲစခန်းရှိ ရဲအရာရှိများသည် ကားတိမ်းမှောက်ရာနေရာကို ရောက်ရှိလာခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်း၊ တိမ်းမှောက်ခဲ့သောကားသည် Isuzu အမျိုးအစား ပစ်ကပ်ကားတစ်စီးဖြစ်ကြောင်း ထိုင်းမီဒီယာများကဖော်ပြထားသည်။
ထိုဖြစ်စဥ်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို သယ်ဆောင်နိုင်ရန် ကားကို နှစ်ထပ်ပုံစံမျိုး လုပ်ထားကြောင်း၊ ကားတိမ်းမှောက်ပြီးနောက် ဒဏ်ရာရကာ မထွက်ပြေးနိုင်သည့် မြန်မာနိုင်ငံသားတစ်ဦးကိုကားအတွင်းတွေ့ရှိခဲ့ပြီးPhatthalung ဆေးရုံ တင်ပို့ခဲ့ရကြောင်း သိရသည်။
ထိုင်းရဲတပ်ဖွဲ့သည် ကားတိမ်းမှောက်ပြီးနောက် ရွာထဲသို့ထွက်ပြေးခဲ့သော မြန်မာနိုင်ငံသားများကို စုံစမ်းဖမ်းဆီးခဲ့ပြီး အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၈ ဦးနှင့် ကလေးငယ်နှစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့ စကားပြန်မှတစ်ဆင့် စစ်ဆေးမေးမြန်းရာတွင် အဆိုပါ မြန်မာနိုင်ငံသားများအားလုံးသည် ရန်ကုန်မြို့မှ လာရောက်သူများ ဖြစ်ကြောင်းသိရသည်။
ကားတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီးနောက် ကားမောင်းသမားသည် ထွက်ပြေးသွားခဲ့ပြီး ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများက ၎င်းတို့သည် ပွဲစားခအဖြစ် တစ်ဦးကို ထိုင်းဘတ်ငွေ ၃၀၀၀၀ ပေးခဲ့ရကြောင်း၊ မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ ၎င်းတို့သည် မလေးရှားနိုင်ငံသို့ မသွားရောက်ခင် ထိုင်းနိုင်ငံရှိ အာရှလမ်းမကြီးတွင် ကားတိမ်းမှောက်မှု တွေ့ကြုံရခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့သည် အဆိုပါမြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံအတွင်းသို့တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းမှုဖြင့် စွဲချက်တင်ထားကြောင်း သိရသည်။
ref astroawani