





၁၂.၃.၂၀၂၅
Written By Thandar
ပြီးခဲ့တဲ့ မတ်လ ၁၀ ရက် နံနက် ၆ နာရီကျော်က ယာဉ်မတော်တဆနဲ့ ကွယ်လွန်ခဲ့တဲ့ သရုပ်ဆောင် ထူးရဲ့ ဈာပနနောက်ဆုံးခရီးကိုတော့ ယနေ့ မတ်လ ၁၂ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေးသုသာန်မှာ သင်္ဂြိုဟ်ခဲ့ရာ အနုပညာရှင်တွေနဲ့ ပရိသတ်တွေကြိတ်ကြိတ်တိုးနေခဲ့ပါတယ်။
“ဒါကတော့ ထူးရဲ့ နောက်ဆုံး ခရီးပေါ့နော်။ ငယ်ငယ်ရွယ်ရွယ် ကိုယ့်လောကနေ ထွက်ခွာသွားတော့လေ။ နာရေးဆိုတော့ ဘယ်လိုလုပ် ဝမ်းသာနိုင်ပါ့မလဲ။ ခံစားရပါတယ်။ မိသားစုတစ်စုထဲကပဲ ကိုယ့် မိသားစု တစ်ယောက် ဆုံးရှုံးလိုက်ရသလိုပါပဲ။ ဝမ်းနည်းရတယ်။ ကိုယ်တိုင်လည်း သားတစ်ယောက်လို အတူ ဇာတ်ကား ရိုက်ခဲ့တာမို့လေ။ သံယောဇဉ်တွေလည်း ရှိပါတယ်။ သူကလည်း ကိုယ့်အပေါ် သံယောဇဉ်ရှိတယ်။ ဒီကြားထဲမှာ အိမ်တိုင်ရာရောက် မတ်လ ၅ ရက်နေ့လောက်ထဲက လာကန်တော့သွားပါသေးတယ်။ စိတ်ထဲလည်း မကောင်းဖြစ်ရပါတယ်။ သူနဲ့ အနုပညာအလုပ်တွေ အများကြီးလုပ်ဖို့ရှိပါတယ်။ ခုလို ပရိသတ်စသိချိန်မှာ ဆုံးရှုံးရတော့ မထင်မှတ်တာဖြစ်သွားတော့ ရင်ထဲမကောင်းပါဘူး” လို့ ဒါရိုက်တာမောင်တင်ငြိမ်း(ရှုမဝ)က ပြောပါတယ်။






ထူးရဲ့ နောက်ဆုံး ဈာပနာကိုတော့ MRTV – 4 မှာ အတူပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ အနုပညာရှင်တွေ ဖြစ်တဲ့ ဒေါင်းဝေ၊ စောမင်းယျာ၊ ရန်လင်းအောင်၊ ငြိမ်းချမ်းကိုကို၊ တေဇာကျော်၊ ထူးဝဏ္ဏရှိန်၊ စိုင်းဇေယျ၊ ဝေယံထက် စတဲ့သူတွေအပြင် ချစ်ခင်ကြတဲ့ပရိသတ်ပေါင်းများစွာက လာရောက်ပြီး ပို့ဆောင်ခဲ့တဲ့အတွက် ကြိတ်ကြိတ်တိုးနေတာလည်း ဖြစ်ပါတယ်။
ထူးကို ချစ်ခင်ကြတဲ့ ပရိသတ်တွေနဲ့ အနုပညာရှင်တွေ ကြိတ်ကြိတ်တိုးနေတာမို့ သတ်မှတ်ထားတဲ့အချိန်ထက်စောပြီးတော့ သင်္ဂြိုဟ်လိုက်ရတာပါလို့ နာရေးလာရောက်ပို့ဆောင်သူတစ်ဦးက ပြောပါတယ်။
သူဟာတော့ မတ်လ ၈ ရက် နံနက် ၄ နာရီက ယာဉ်မတော်တဆမှုကြောင့် မြောက်ဥက္ကလာပဆေးရုံကို တင်ခဲ့ပြီး ဦးခေါင်းထိခိုက်ဒဏ်ရာတွေကြောင့် မတ်လ ၁၀ ရက် နံနက် ၆ နာရီကျော်က ကွယ်လွန်သွားခဲ့တာပါ။
သရုပ်ဆောင်ထူးဟာ ကလေးသရုပ်ဆောင်အနေနဲ့ အနုပညာလောကထဲမှာ MRTV- 4 ရုပ်သံလိုင်းက ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ ပန်းနုသွေး၊ ထာဝရအလင်းတန်းများ၊ အဖြူရောင်သက္ကရာဇ်၊ မယ်ချို ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့သလို ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ယောက်ျားကောင်း အတောင်နှစ်ဆယ် ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ခဲ့သူလည်းဖြစ်ပါတယ်။