
၁၂.၃.၂၀၂၅
Translated by Htwe Ko Tun
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း၊ ဘလူးချိစတန်ပြည်နယ်တွင် Baloch Liberation Army ခေါ် ဘာလော့လူမျိုးစုတို့၏ လွတ်မြောက်ရေးတပ်မတော် ခေါ် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က ရထားလမ်းတစ်ခုကိုဖောက်ခွဲကာ လူစီး ခရီးသည်တင်ရထားတစ်စီးကို ပစ်ခတ်မှုများ ပြုလုပ်ပြီး ဓားစာခံအများအပြားကိုလည်း ဖမ်းဆီးခေါ်ဆောင် သွားမှုတစ်ရပ် မတ်လ ၁၁ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့များနှင့် စစ်သွေးကြွများ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြကြောင်းသိရသည်။

နောက်ဆုံးရရှိသောသတင်းများအရ လုံခြုံရေးတပ်ဖွဲ့များက ဓားစာခံခရီးသည် ၁၀၄ ဦးကို ကယ် ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ ညလုံးပေါက်ဖြစ်ပွားနေသော တိုက်ပွဲတွင် စစ်သွေးကြွများဘက်မှ ၁၆ ဦး သေဆုံးခဲ့ကြောင်းလည်း သိရသည်။

ကွက်တာမြို့မှ ပက်ရှဝါမြို့သို့ မောင်းနှင်လာသောရထားပေါ်မှ ခရီးသည်မည်မျှ ဖမ်းဆီးခေါ်ဆောင် သွားခြင်းခံရသည်ဟု ရဲတပ်ဖွဲ့က မပြောသေးသော်လည်း စစ်သွေးကြွများက ၎င်းတို့အနေဖြင့် လူ ၂၁၄ ဦး ဖမ်းဆီးခေါ်ဆောင်လာကြောင်းပြောခဲ့ကြပြီး ၎င်းတို့ကို လုံခြုံရေးတပ်ဖွဲ့များက စစ်ဆင်ရေး ပြုလုပ်လာမှုကြောင့် ဓားစာခံခရီးသည်ဆယ်ဦးကိုသတ်ဖြတ်ခဲ့ကြောင်း ပြောခဲ့ကြသည်။

ခရိုင်အဆင့်မြင့်ရဲအရာရှိတစ်ဦးဖြစ်သည့် ရာနာ ဒီလာဝါက “ တိုက်ခိုက်ခံရတဲ့ ရထားက အဲဒီနေရာမှာပဲ ရှိနေပြီး လက်နက်ကိုင်တွေက ခရီးသည်တွေကိုဖမ်းထားတယ်။ ရဟတ်ယာဉ်တွေနဲ့ အထူးတပ်ဖွဲ့တွေ ပါဝင်တဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ကြီးမားတဲ့ စစ်ဆင်ရေးကြီးကို ပြုလုပ်နေတယ်” ဟု ပြောကြားခဲ့သည်။
ရထားမှာ လိုဏ်ခေါင်းတစ်ခုအတွင်းပိတ်မိနေပြီး ရထားမောင်းသူမှာလည်း ပြင်းထန်သောဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသည်။ ခွဲထွက်ရေးအုပ်စုတစ်ခုဖြစ်သော Baloch Liberation Army (BLA) က ၄၈ နာရီအတွင်း ဖမ်းဆီးထားသော ဘာလော့လူမျိုးစု နိုင်ငံရေးအကျဉ်းသားများနှင့် တက်ကြွလှုပ်ရှားသူများကို ပြန်လွှတ်ပေးရန်တောင်းဆိုခဲ့ကြသည်။ ၎င်းတို့ကို ဖမ်းဆီးမှုများကို ပါကစ္စတန်စစ်တပ်က ပြုလုပ်ခဲ့ခြင်းဟုလည်း BLA က ပြောခဲ့သည်။
သတ်မှတ်အချိန်အတွင်း တောင်းဆိုသည့်အတိုင်း မလိုက်လျောလျှင် (သို့မဟုတ်) စစ်ဘက်စစ်ဆင်ရေး ပြုလုပ်လာလျှင် ရထားသံလမ်းကို လုံးဝဖောက်ခွဲကာ ရထားကိုလည်း ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ထားသည်။
Ref- abp live, CNA