
၁၂. ၃. ၂၀၂၅
Written by Nyein Kyaw
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ၂၀၂၄ ခုနှစ် ဧပြီလမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအထိ ၁၁ လအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ ဒသမ ၃၇၃ သန်းတင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၁ ဒသမ ၀၈၇ ဘီလျံအထိရရှိခဲ့ပြီး ယခုဘဏ္ဍာနှစ်လျာထားချက်၏ ၉၅ ရာခိုင်နှုန်းနီးပါးအထိ တင်ပို့ထားနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည့်စာရင်းအရ သိရသည်။
ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည့်သို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ ဒသမ ၅ သန်း (တစ်လလျှင် တန်ချိန် ၂ သိန်းကျော်) တင်ပို့ရန်လျာထားခဲ့သော်လည်း ၂၀၂၄ ခုနှစ် ဧပြီလမှ ဇူလိုင်လအထိ လေးလဆက်တိုက် လျာထားချက်တန်ချိန် ၂ သိန်းကျော် ပြည့်မီခြင်းမရှိဘဲ အချို့လများတွင် တန်ချိန်တစ်သိန်းအောက်သာ တင်ပို့နိုင်ခဲ့သည်။
သို့သော် ယခင်က ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းအထိသာ လွတ်လပ်စွာရောင်းဝယ်ခွင့်ပြုခဲ့ရာမှ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၈ ရက်မှစတင်၍ ပို့ကုန်ရငွေ ၇၅ ရာခိုင်နှုန်းအထိ လွတ်လပ်စွာရောင်းဝယ်ခွင့်ပြုကြောင်း ဗဟိုဘဏ်မှ ဖြေလျှော့ပေးခဲ့ပြီးနောက် အဆိုပါ ဩဂုတ်လ၌ပင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ သိန်းကျော် တင်ပို့နိုင်ခဲ့ပြီး ပထမဆုံးလျာထားချက် ပြည့်မီခဲ့ခြင်းဖြစ်သည်။
ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရန် လျာထားချက် တန်ချိန် ၂ သန်းခွဲထက် ပို၍တင်ပို့နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) ဥက္ကဋ္ဌ ဦးရဲမင်းအောင်က အသင်းချုပ်နှစ်ပတ်လည်အစည်းအဝေးနှင့် အထွေထွေညီလာခံတွင် ထုတ်ပြန်သည့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ၂၀၂၄ ခုနှစ် အစီရင်ခံစာတွင် ပြောထားသည်။
ထို့ကြောင့် လက်ကျန်ဘဏ္ဍာနှစ် တစ်လတာကာလအတွင်း လျာထားချက်ပြည့်မီရန် တန်ချိန် ၁၆၀,၀၀၀ ကျော်သာ လိုအပ်တော့သဖြင့် လစဉ်တင်ပို့ရန်လျာထားချက် တစ်လလျှင် တန်ချိန် ၂ သိန်း ထပ်မံတင်ပို့နိုင်မည်ဆိုပါက ယခုဘဏ္ဍာနှစ်အတွက် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရန်လျာထားချက် ပြည့်မီကျော်လွန်နိုင်မည်ဖြစ်သည်။