
၁၂. ၃. ၂၀၂၅
Written by Nyein Kyaw
ပညာရေးဝန်ကြီးဌာနရှိ၊ တက္ကသိုလ်များတွင် ကျောင်းဝင်ကြေးနှင့် ကျောင်းလခ ပေးသွင်းခြင်းများကို MMQR စနစ်တွင် ချိတ်ဆက်ထားသော Online Payment ၊ Mobile Wallet တို့ဖြင့် မတ်လ ၁၇ ရက်မှစတင်၍ ပေးချေနိုင်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပြောကြားသည်။
ယင်းကဲ့သို့ ဆောင်ရွက်နိုင်ရန်အတွက် တက္ကသိုလ်ကျောင်းသားများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းနှင့် ကျောင်းဝင်ကြေး၊ ကျောင်းလခများကို Online Payment ၊ Mobile Wallet ဖြင့် ပေးသွင်းခြင်းတို့ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ဦးစီးကော်မတီအစည်းအဝေး (၁/၂၀၂၅)ကို ယမန်နေ့တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
တက္ကသိုလ်ကျောင်းသားများ ငွေသားဖြင့် ကျောင်းဝင်ကြေး၊ ကျောင်းလခပေးသွင်းခြင်းအစား ဒစ်ဂျစ်တယ်ငွေကြေး (Digital Currency) သုံးစွဲခြင်းအလေ့အကျင့်ကို ပြောင်းလဲကျင့်သုံးနိုင်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ MMQR စနစ်တွင် ချိတ်ဆက်ထားသော ဘဏ်အဖွဲ့အစည်းများနှင့် အွန်လိုင်းငွေပေးချေခြင်းကို မတ်လ ၁၇ ရက် (တနင်္လာနေ့) မှစတင်၍ ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်များတွင် စတင်ကျင့်သုံးမည်ဖြစ်ကြောင်း ဒုဝန်ကြီး ဒေါက်တာဇော်မြင့်က ပြောကြားသည်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်တွင် စတင်အသုံးပြုနိုင်ပြီဖြစ်သော MMQR စနစ်ကို ဝန်ကြီးဌာနများအနက် ပညာရေးဝန်ကြီးဌာနက ပထမဦးဆုံး စတင်အသုံးပြုခြင်းဖြစ်သဖြင့် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ကြောင်း၊ Mobile Pay User ၉၀ ရာခိုင်နှုန်းကျော်အထိ လွှမ်းခြုံနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ဘဏ်အဖွဲ့ အစည်းများက ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ (၁) ဦးဇော်မြင့်နိုင်က ပြောကြားသည်။