MT News
SAC အစိုးရ တာဝန်ယူခဲ့သည့် နှစ်နှစ်တာ ကာလအတွင်း တရားမဝင်ကုန်သွယ်မှူ ကျပ် ၇၃ ဘီလျံကျော် ဖမ်းဆီးနိုင်ခဲ့ကြောင်း SAC ဒုတိယဥက္ကဋ္ဌက ယမန်နေ့က ပြောကြားသည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာအထိ တစ်နှစ်တာအတွင်း ဖမ်းဆီးရမိမှု စုစုပေါင်းအမှုတွဲ ၄၂၃၂ မှု၊ ခန့်မှန်းတန်ဖိုး ကျပ် ၆၅ ဒသမ ၀၅၆ ဘီလျံဖြစ်ပြီး ယခင်နှစ်ကာလတူ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီမှ ဒီဇင်ဘာလအထိ တစ်နှစ်အတွင်း ဖမ်းဆီးရမိမှု စုစုပေါင်းအမှုတွဲ ၂၂၄၀ မှုနှင့် ခန့်မှန်းတန်ဖိုး ကျပ် ၈ ဒသမ ၄၅၉ ဘီလျံဖြစ်သည့် အတွက် ကာလတူတွင် အမှုတွဲ ၁၉၉၂ မှုနှင့် ခန့်မှန်း တန်ဖိုးကျပ် ၅၆ ဒသမ ၅၉၇ ဘီလျံ ပိုမိုဖမ်းဆီးနိုင်ခဲ့ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
ယခင်ကကုန်သွယ်မှုလမ်းကြောင်းများ၊ စစ်ဆေးရေးစခန်းများ၌ပင် စစ်ဆေး ဖမ်းဆီးမှုများပြု လုပ်ခဲ့ပြီး နောက်ပိုင်းတွင် တရားမဝင်ကုန်ပစ္စည်းများ သိုလှောင်နိုင်သည့် သိုလှောင်ရုံနှင့် အဆောက်အဦများကိုပါ သတင်းရယူ ဝင်ရောက်စစ်ဆေး ဖော်ထုတ် ဖမ်းဆီးပြီး ဥပဒေနှင့်အညီ အရေးယူခဲ့သည့်အတွက် ကုန်သွယ်မှုလမ်းကြောင်း မဟုတ်သည့်နေရာများတွင် ဖမ်းဆီးရမိမှုများ တိုးတက်လာသည်ကို တွေ့ရသည်။
ထို့ပြင် တရားမဝင်ကုန်သွယ်မှုများကို အခကြေးငွေရယူပြီး လက်ခံဆောင်ရွက်ပေးနေသည့် တရားမဝင်ဂိတ်များကို လျှော့ချဖျက်သိမ်းရန် ဆောင်ရွက်ရမည်ဖြစ်ပြီး လိုအပ်ပါက တရားဝင် ဝင်/ထွက်ပေါက်များကို ပိုမိုတိုးချဲ့ဖွင့်လှစ်ရန် ဆောင်ရွက်ရမည်ဖြစ်သည်။
တရားဝင်နယ်စပ် ကုန်သွယ်ရေးစခန်းများက ကုန်သွယ်မှုများကို လွယ်ကူချောမွေ့အောင် ဆောင်ရွက်ပေးရန် လိုအပ်ပြီး အခြားတစ်ဖက်တွင် တရားမဝင် ဝင်/ထွက် ပေါက်များ အသုံးပြုရှောင်ကွင်းမှုများကို ထိထိရောက်ရောက် တားဆီးစစ်ဆေးပြီး ပြတ်ပြတ်သားသား အရေးယူသွားရမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်ရန် နယ်စပ်တစ်လျောက် တရားဥပဒေစိုးမိုးမှုများ အားကောင်းလာ စေရေး ဦးစားပေးဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ကြောင်းလည်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။