အီတာလျှံ-ထိုင်းကုမ္ပဏီနှင့် ဆောင်ရွက်သည့်ကိစ္စများ ပြီးမြောက်သွားသော်လည်း SPV ဖျက်သိမ်းရေး မြန်မာ-ထိုင်း-ဂျပန် သုံးနိုင်ငံ ညှိနှိုင်းဆွေးနွေးပြီး ပီပြင်အောင်ဆောင်ရွက်ရန် မှာကြား

၁၂. ၃. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ရုရှားနိုင်ငံ ခရီးစဉ်အတွင်း ထားဝယ်အထူးစီးပွားရေးနှင့် ပတ်သက်ပြီး အခွင့်အလမ်းများစွာ ဖော်ဆောင်နိုင်ခဲ့၍ မကြာမီအရှိန်အဟုန်ဖြင့် အောင်မြင်ဖြစ်ထွန်းတော့မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယမန်နေ့က ပြုလုပ်သည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒုတိယအကြိမ်အစည်းအဝေးတွင် ပြောကြားသည်။
ထို့ကြောင့် ယခုချိန်ကပင် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများနှင့် လာရောက် ရင်းနှီးမြှုပ်နှံမည့်သူများ စိတ်ချမ်းသာစွာဖြင့် လုပ်ငန်းများအဆင်ပြေ ချောမွေ့လျင်မြန်စွာ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်ထားကြရန်လိုကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အီတာလျှံ-ထိုင်းကုမ္ပဏီနှင့် ဆောင်ရွက်သည့်ကိစ္စများ ပြီးမြောက်သွားသော်လည်း ဥပဒေကြောင်းအရ ဆက်လက်ရှင်းလင်းဆောင်ရွက်ရမည့် ကိစ္စရပ်များကို အဆင်ပြေ ချောမွေ့စွာဖြင့် သက်ဆိုင်ရာဥပဒေပညာရှင်များဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားရန်အရေးကြီးကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လာရောက်ရင်းနှီး မြှုပ်နှံသူအပါအဝင် သုံးဦးသုံးဖလှယ် Win-Win Situation ဖြစ်ရန် ဆောင်ရွက်သွားကြရန်လိုကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
ထားဝယ်အထူးစီးပွားရေးဇုန်ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးရမည်ဆိုပါက ထားဝယ်အထူးစီးပွားရေးဇုန်အနေဖြင့် SPV (Special Purpose Vehicle) ဖျက်သိမ်းရေးနှင့် ပတ်သက်ပြီး မြန်မာ- ထိုင်း- ဂျပန် သုံးနိုင်ငံ ညှိနှိုင်းဆွေးနွေးပြီး ပီပြင်အောင်ဆောင်ရွက်ကြရန်လိုကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
လက်ရှိ ပထဝီနိုင်ငံရေးအခြေအနေအရ နိုင်ငံအတွင်း အထူးစီးပွားရေးဇုန်များကို အကောင် အထည်ဖော်ရာတွင် စီးပွားရေးရှုထောင့်တစ်ခုတည်းမကြည့်ဘဲ နိုင်ငံရေးအနေဖြင့်လည်း ထည့်သွင်းစဉ်းစားသွားကြရန်လိုအပ်ကြောင်း၊ ထို့ကြောင့် လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် သီလဝါအထူးစီးပွားရေးဇုန်၊ အနာဂတ်တွင် အကောင်အထည်ပေါ်လာမည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူးစီးပွားရေးဇုန်များနှင့် ပတ်သက်ပြီး နိုင်ငံရေးနှင့်ယှဉ်တွဲ၍ နိုင်ငံရေးနှင့် စီးပွားရေးပေါင်းစပ်ကာ ဆောင်ရွက်ကြရန် အဖွဲ့ဝင်များကိုပြောကြားလိုကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။