




သတိုး
၁၂. ၃. ၂၀၂၅
ဖိလစ်ပိုင်သမ္မတဟောင်းရိုဒရီဂိုဒူတာတေးရဲ့သမီးဖြစ်သလို လက်ရှိဒုတိယသမ္မတလည်းဖြစ်တဲ့ ဆာရာ ဒူတာတေးနဲ့ မပြေလည်မှုကို လက်စားချေ မီးထိုးတဲ့လုပ်ရပ်အဖြစ် ဖိလစ်ပိုင်အာဏာရှင်ဟောင်း ဖာဒီနန် အီမန်နျူရယ် မားကို့စ်ရဲ့သားဖြစ်တဲ့ လက်ရှိဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာဟာ ဒီမနက်မှာ ဖမ်းဆီးလိုက်တဲ့ ရိုဒရီဂိုဒူတာတေးကို ဒီည ၁၁ နာရီ ၃ မိနစ်မှာပဲ ဗီလာမော်လေတပ်စခန်းကနေ ICC တရားစီရင်ဖို့ အခြေစိုက်ရုံးရှိရာ နယ်သာလန်နိုင်ငံ ဟိဂ်မြို့(The heague)ဆီ ပို့ဆောင်လိုက်ပြီလို့ အတည်ပြု ပြောကြားခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ သမ္မတဟောင်း ဒူတာတေးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး(ICC) က ဖမ်း ဝရမ်းထုတ်ပြန်ပြီး မကြာမီလေးမှာပဲ ဟောင်ကောင်ကပြန်အလာ မနီလာလေဆိပ်မှာ ဒီနေ့ မတ်လ ၁၁ ရက်မှာ ဖိလစ်ပိုင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ဒီဖမ်းဆီးမှုကို ICC ကြောင့်မဟုတ်ဘဲ အင်တာပိုလ်ကတောင်းဆိုလို့ ဖိလစ်ပိုင်အစိုးရက ကူညီဖမ်းဆီးခဲ့တာလို့လည်း မားကို့စ်ဂျုနီယာက ထမင်းရည်ပူလာ လျှာလွှဲခဲ့ပါသေးတယ်။
အသက် ၇၉ နှစ်အရွယ် ဒူတာတေးဟာ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ သမ္မတအဖြစ် တာဝန်ယူခဲ့စဉ်မှာ သူ့ရဲ့ မူးယစ်လုပ်ငန်းတွေ ဖြိုခွင်းမှုစစ်ဆင်ရေးက လူထောင်နဲ့ချီလို့ သေဆုံးစေခဲ့တယ်လို့ စွပ်စွဲပြီး ICC က ဖမ်းဝရမ်း ထုတ်ပြန်ခဲ့တာပါ။
သူ့ကို ဒီလို ICC ရဲ့ ဖမ်းဝရမ်းကြောင့် ဖမ်းဆီးမှုပြုနိုင်တယ်လို့ သတင်းတွေထွက်ပေါ်လာတာကြောင့် ဒီမတိုင်ခင်ကလည်း ဒူတာတေးက သူ့အနေနဲ့ အကျဉ်းထောင်ကို သွားဖို့အဆင်သင့်ပဲလို့ ပြောခဲ့ပါသေးတယ်။ သူ့ရဲ့ သမ္မတ ပြောရေးဆိုခွင့်ရှိသူဟောင်းဖြစ်တဲ့ ဆာလ်ဗေးဒိုး ပါနီလိုက ဒီလိုဖမ်းဆီးမှုကို ရှုတ်ချမှုပြုခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံက ICC ရဲ့အဖွဲ့ဝင်အဖြစ်က နုတ်ထွက်ပြီးဖြစ်လို့ ခုလိုဖမ်းဆီးမှုက တရားဥပဒေနဲ့ မညီဘူးလို့ ပြောခဲ့ပါတယ်။
ဒူတာတေးဟာ လာမယ့် မေလ ၁၂ ရက်မှာကျင်းပမယ့် နှစ်ဝက်ကာလ ရွေးကောက်ပွဲတွေမှာ သူ့ရဲ့အထက်လွှတ်တော်အမတ်နေရာအတွက် မဲဆွယ်စည်းရုံးဖို့ ဟောင်ကောင်မြို့ကို သွားရောက်ခဲ့တာပါ။ ရုပ်မြင်သံကြားက ထုတ်လွှင့်တဲ့ ဖမ်းဆီးမှုဗီဒီယိုမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ဝန်းရံခံထားရတဲ့ သူက တုတ်ကောက်တစ်ချောင်းနဲ့ လေဆိပ်အပြင်ဘက်ထွက်သွားတာ တွေ့ကြရပါတယ်။






ဖိလစ်ပိုင်ရဲ့ အကြီးဆုံးမြို့ကြီးတစ်မြို့ဖြစ်တဲ့ ဒါဗါအိုမြို့ရဲ့ မြိုတော်ဝန်ဟောင်းဖြစ်တဲ့ ဒူတာတေးဟာ ရာဇဝတ်မှုတွေကို ကျယ်ပြန့်စွာနှိမ်နင်းမယ်ဆိုတဲ့ ကတိပြုချက်နဲ့အတူ ၂၀၁၆ ခုနှစ်မှာ သမ္မတဖြစ်လာတာပါ။ ဒါပေမယ့် ဝေဖန်ရေးသမားတွေက သူ့ရဲ့မူးယစ်ဆေးဝါးတိုက်ခိုက်ရေးစစ်ပွဲမှာ ရဲတွေက မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ သံသယရှိသူတွေကို သတ်ခဲ့ကြတယ်လို့ စွပ်စွဲခဲ့ကြပါတယ်။ ဒီစွပ်စွဲချက်တွေကို ဒူတာတေးကတော့ ငြင်းခဲ့ပါတယ်။
ဖိလစ်ပိုင်အနေနဲ့ ၂၀၁၈ ခုနှစ်၊ မတ်လမှာ ICC က နုတ်ထွက်ခဲ့ပြီးဖြစ်ပေမယ့် ဒီမတိုင်ခင် ရာဇဝတ်မှုတွေအတွက်တော့ စစ်ဆေးအရေးယူခွင့်ရှိတယ်လို့ ICC ကဆိုခဲ့ပြီး ဒူတာတေးကို ဖမ်းဝရမ်းထုတ်ခဲ့သလို လက်ရှိသမ္မတမားကို့စ်ဂျူနီယာဟာလည်း မူလက ICC ရဲ့ ဖမ်းဝရမ်းကို လက်မခံဘဲ ဒူတာတေးကို ICC တရားစီရင်ဖို့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ ဆိုခဲ့ပေမဲ့ ဒူတာတေးရဲ့သမီးဖြစ်သူ ဒုတိယသမ္မတ ဆာရာဇီဒူတာတေးနဲ့ သတ်မယ်ဖြတ်မယ်အထိ အပြန်အလှန်တင်းမာမှုအကြားမှာ နိုင်ငံရေးလက်စားချေမှုအဖြစ် ဒူတာတေးကို ICC တရားခွင်ဆီပို့ခဲ့တာပါ။ ဖိလစ်ပိုင်လူထုကြားမှာ အလှုပ်ခတ်ဆုံး အငြင်းပွားမှုက ဆာရာဒူတာတေးဟာ ပြီးခဲ့တဲ့ လအနည်းငယ်က သူသာသတ်ဖြတ်ခံရမယ်ဆို လက်ရှိသမ္မတ မားကို့စ်ဂျုနီယာနဲ့ ဇနီး၊ လွှတ်တော်ဥက္ကဋ္ဌဖြစ်တဲ့ သမ္မတရဲ့ညီဝမ်းကွဲကို သတ်ဖို့ လူသတ်သမား ငှားထားတယ်လို့အထိပါ တိုင်းသိပြည်သိ ကမ္ဘာသိထုတ်ပြောအပြီးမှာ မားကို့စ်ဂျုနီယာရဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ အချုပ်အခြာအာဏာကိုမှမထောက် ဒူတာတေးမိသားစုအပေါ် နိုင်ငံရေးလက်စားချေတဲ့ ဆိုးယုတ်မှု ပေါ်ထွက်လာခဲ့တာပါ။
ဒီလိုမျိုး နိုင်ငံရေးလက်စားချေမှုအပေါ် သမ္မတဟောင်းဒူတာတေးရဲ့ သမီးဖြစ်သလို လက်ရှိ ဒုတိယသမ္မတလည်းဖြစ်တဲ့ ဆာရာဇီဒူတာတေးက ဖိလစ်ပိုင်ရဲ့ ဒုတိယသမ္မတအဖြစ် ပြည်သူကိုတိုင်တည်တဲ့ ကြေညာချက်ထုတ်ခဲ့ပြီး ဒီကြေညာချက်မှာ” ဒီနေ့မှာ ကျွန်ုပ်တို့ရဲ့ အစိုးရဟာ ဖိလစ်ပိုင်နိုင်ငံသားတစ်ဦးကို၊ထို့ထက်ပို၍ သမ္မတဟောင်းတစ်ဦးကိုပင် နိုင်ငံခြားသားအာဏာပိုင်များထံ လက်လွှတ်လိုက်ပါတယ်။ ဒါဟာ ကျွန်ုပ်တို့ရဲ့ အချုပ်အခြာအာဏာကို ထိပါးစေတဲ့ ရှင်းလင်းသော လုပ်ရပ်တစ်ခုဖြစ်ပြီး ကျွန်ုပ်တို့နိုင်ငံရဲ့ လွတ်လပ်ရေးကို ယုံကြည်သူ ဖိလစ်ပိုင်နိုင်ငံသား တစ်ဦးချင်းစီတိုင်းအတွက် စော်ကားမှုတစ်ရပ်ပင် ဖြစ်ပါတယ်။
ပို၍ဆိုးသည်က အမှုမှာ သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးအား ခုခံကာကွယ်ပိုင်ခွင့်အပါအဝင် အခြေခံအခွင့်အရေးများကို ငြင်းပယ်ခံနေရပါတယ်။ ယနေ့မနက်ကတည်းက ၎င်းအား ဖမ်းဆီးခဲ့ပြီးကတည်းက၊ ၎င်း၏ အခွင့်အရေးများကို အတည်ပြုနိုင်ရန်နှင့် ဥပဒေအရ ကူညီသက်သာခွင့်များ ရယူနိုင်ရန် မည်သည့်တရားစီရင်ရေးအာဏာပိုင်ထံသို့မျှ မပို့ဆောင်ခဲ့ပါ။ ဤစာကို ရေးသားနေစဉ်တွင်၊ ၎င်းအား ယနေ့ညပိုင်းတွင် ဟိဂ်မြို့သို့ အတင်းအဓမ္မ ခေါ်ဆောင်သွားနေပါသည်။ ၎င်းသည် တရားမျှတမှု မဟုတ်ပါ။ ၎င်းသည် ဖိနှိပ်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှုသာ ဖြစ်ပါသည်။
ဤလုပ်ရပ်သည် ဤအစိုးရသည် မိမိနိုင်ငံသားတစ်ဦးကို စွန့်လွှတ်ရန် ဝန်မလေးသည့်အပြင်၊ ကျွန်ုပ်တို့၏ အချုပ်အခြာအာဏာနှင့် အမျိုးသားဂုဏ်သိက္ခာ၏ အနှစ်သာရကို သစ္စာဖောက်ရန် လိုလားနေကြောင်း ကမ္ဘာကို ပြသလိုက်ပါသည်။
ဘုရားသခင်သည် ဖိလစ်ပိုင်နိုင်ငံကို စောင့်ရှောက်ပါစေ။” လို့ ရေးသားဖော်ပြခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ICC က စွဲဆိုတဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် သူ့ကို ဖမ်းဆီးပြီးနောက်မှာ သူ့ရဲ့နောက်ဆုံးနာမည်ဖြစ်တဲ့ ဒူတာတေး လို့ ကြွေးကြော်ပြီး ကော့တာဘာတိုမြို့ရဲ့ လမ်းတွေပေါ်မှာ သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို ထောက်ခံသူတွေက ချီတက်ခဲ့ကြပါတယ်။
ဆီးချိုရောဂါ ခံစားနေရတဲ့ ဒူတာတေးကို ICC ကို ပို့တဲ့ မားကို့စ်ဂျုနီယာရဲ့ လုပ်ရပ်အပေါ် ဖိလစ်ပိုင်ပြည်သူလူထုက အုံကြွဆန္ဒပြနေသလို အထက်လွှတ်တော်အမတ် ဘွန်ဂိုက ဆန္ဒပြနေတဲ့ လူထုကြားကနေ မျက်ရည်တွေကျဆင်းနေရင်း တိုင်းပြည်ကောင်းကျိုးအတွက် လုပ်ဆောင်ခဲ့တဲ့ ဒူတာတေးကို ICC က စွက်ဖက် ဖမ်းဆီး စီရင်တာ ဝမ်းနည်းကြောင်း၊ယခင်အစိုးရလက်ထက်က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားမှုရဲ့ အကျိုးသက်ရောက်မှုကို ဖိလစ်ပိုင်ပြည်သူတွေ ကိုယ်တိုင် ဆုံးဖြတ်သင့်ကြောင်း ပြောခဲ့သလို ဖိလစ်ပိုင်ရဲ့ အချုပ်အခြာအာဏာကို စွက်ဖက်တဲ့ ICC အပေါ် ရှုတ်ချကြောင်းလည်း ထုတ်ပြန်ခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်စေ နိုင်ငံရေးလက်စားချေလိုမှုနဲ့ ဒူတာတေးကို ICC က တရားစီရင်ဖို့ ဟိဂ်မြို့ဆီ ဖိလစ်ပိုင်အစိုးရ ပို့လိုက်ခြင်းဟာ ဒူတာတေးကို ICC မှာ တရားရင်ဆိုင်ရတဲ့ အာရှရဲ့ ပထမဆုံး သမ္မတဟောင်းတစ်ဦး ဖြစ်လာစေခဲ့သလို လူထုထောက်ခံမှုများပြားပြီး ဒုတိယသမ္မတ သမီးလည်းရှိနေတာကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ ဆိုးရွားပြင်းထန်တဲ့ ဆန္ဒပြဆန့်ကျင်မှုတွေ ပေါ်ထွက်လာနေမှုနဲ့အတူ ရဲတပ်ဖွဲ့လုံခြုံရေးထူထပ်စွာချထားပြီး စစ်တပ်ကလည်း နိုင်ငံတော်လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို မြှင့်တင်ဖို့ အားထုတ်မှုတွေ အသင့်ပြင်ဆင်ထားတယ်လို့ ထုတ်ပြန်ထားတာကြောင့် ဒီတင်းမာမှုဟာ ဖိလစ်ပိုင်နိုင်ငံကို ဘယ်အခြေအနေအထိဖြစ်လာစေမလဲဆိုတာ ဆက်လက် စောင့်ကြည့်ရဦးမှာပါ။
Ref, BBC,Sara Duterte, Bong Go, Inquirer.net,
ပုံစာ။ ဒူတာတေးအပေါ် ထောက်ခံသူများ ဆန္ဒပြမှု၊ ဒူတာတေးကို ဟိဂ်မြို့သို့ ပို့ဆောင်မှုနှင့် ဆရာ၊ ဘွန်ဂိုတို့ထုတ်ပြန်မှု။