
၁၁. ၃. ၂၀၂၅
Written by Phyo Wei
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်တွေ တောင်းခံတာကို စိစစ်ဖြတ်တောက်နေတဲ့ ဒီကာလမှာပဲ ဝန်ကြီးဌာနအချို့ ရငွေလျာထားချက် မပြည့်မီသလို မလိုအပ်ဘဲ ဘတ်ဂျက်ငွေတွေ တောင်းခံထားလို့ ပိုလျှံဘတ်ဂျက်များစွာဖြစ်ပေါ်နေရတယ်လို့ ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ပြောကြားလာတဲ့ ဒီရက်သတ္တပတ်မှာပဲ စီးပွားရေးလုပ်ငန်းရှင်တွေ တီထွင်ဖန်တီးသူတွေအတွက် မူပိုင်ခွင့်အကာအကွယ်ပေးရေးကို ဒေသတွင်းနဲ့ အာဆီယံနိုင်ငံတွေနည်းတူ စတင်ကျင့်သုံးနိုင်ခဲ့ပြီလို့ မူပိုင်ခွင့်ကော်မတီဥက္ကဋ္ဌ ပြောလာတဲ့ ဖြစ်စဉ်တွေ တွေ့မြင်ခဲ့ရပါတယ်။
အခြားတစ်ဖက်မှာလည်း နှစ်လအတွင်း နိုင်ငံတော်ဓာတ်အားစနစ်ကို ဓာတ်အားအများဆုံး ၅၄၅ မဂ္ဂါဝပ် ပြန်လည်ပို့လွှတ်နိုင်ခဲ့ပြီး အများပြည်သူအတွက် ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ခဲ့တယ်လို့ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြားလာတာ၊ အခုမတ်လ ၂၀ ရက်ကစ OWIC ကတ်တွေ ပြန်လည်ထုတ်ပေးမှာဖြစ်ပြီး OWIC ကတ်ရရှိမှသာ လေယာဉ်လတ်မှတ်တွေဝယ်ယူဖို့ အသိပေးလာတာ၊ မိရိုးဖလာအဆင့်က တက်မလာသေးတဲ့ ပြည်တွင်းထုတ်သံထည်ပစ္စည်းတွေ ခေတ်နဲ့အညီ ပိုမိုအဆင့်မြှင့်တင် ထုတ်လုပ်နိုင်ဖို့ အစိုးရ-ပုဂ္ဂလိကပူးပေါင်းကြိုးစားမှုနဲ့ ရလဒ်ကောင်းတွေရရှိအောင် ဆောင်ရွက်သွားမယ်လို့ ပြောလာတာနဲ့ အခုနှစ် ဖေဖော်ဝါရီလအတွင်း ပြည်သူတွေရဲ့ သတင်းပေးမှုကနေ တရားမဝင်ကုန်စည် သန်း ၅၅၀၀ ဖိုးခန့် ဖမ်းမိခဲ့ပြီး သန်း ၁၁၀၀ ခန့် ဆုပြန်လည် ချီးမြှင့်မယ်ဆိုတာတွေအပြင် ရခိုင်စီးပွားရေးလုပ်ငန်းရှင် ကုန်သည်ကြီး ဦးကျောက်တောင်နေအိမ်အပါအဝင် အိမ်ခြေ အလုံး ၃၀ ကျော်ကို AA က ချိပ်ပိတ်လိုက်တဲ့ဖြစ်စဉ်တွေ ကြားမြင်ခဲ့ရပေမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ မြန်မာနိုင်ငံမှာ နျူကလီးယားဓာတ်အားပေးစက်ရုံတည်ထောင်မယ်ဆိုတာ၊ ထားဝယ်အထူးစီးပွားရေးဇုန်မှာ ဘယ်နိုင်ငံမဆို ပါဝင်နိုင်မယ်ဆိုတာနဲ့ တိုးမြှင့်လာမယ့် ရုရှား၊ ဘယ်လာရုစ်စီးပွားရေးဆက်ဆံမှုတွေအကြောင်းကို သုံးသပ်တင်ပြချင်ပါတယ်။
စတင်ထူထောင်မယ့် နျူကလီးယားဓာတ်အားပေးစက်ရုံ
“ကျွန်တော်တို့ နှစ်နိုင်ငံရဲ့အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ကော်မရှင်ကလည်း တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်နေပါတယ်။ မကြာခင်က ကုန်သွယ်ရေးကော်မရှင်အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ စွမ်းအင်အခန်းကဏ္ဍမှာလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်နေပါတယ်။ အခြားနယ်ပယ်တွေမှာလည်း ပူးပေါင်းဆောင်ရွက်သွားဖို့ မိမိတို့အနေနဲ့ အသင့်ရှိပါတယ်။ အထူးသဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များတိုးတက်ရေး၊ မြန်မာနိုင်ငံတွင် အသေးစားအဏုမြုဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရေးအတွက် သဘော တူညီခဲ့ပါတယ်။ မြန်မာနိုင်ငံ စီးပွားရေးအတွက်လိုအပ်တဲ့ လျှပ်စစ်ဓာတ်အား ပေါပေါများများ ပေးနိုင်ပါမယ်။ မြန်မာနိုင်ငံမှာဆောက်လုပ်ရေးနဲ့ပတ်သက်တဲ့ သဘောတူညီချက်အချို့ရှိခဲ့ပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံမှာ စီးပွားရေးနဲ့ပတ်သက်ပြီးတော့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပညာရပ်ပိုင်းဆိုင်ရာတွေကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။ စက်မှုနှင့် အဆင့်မြင့်နည်းပညာနယ်ပယ်မှာ ကျွန်တော်တို့ ပူးတွဲစီမံကိန်းကို အကောင်အထည်ဖော်နေပါတယ်”လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ H.E. Vladimir Vladimirovich Putin တို့ မီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပူတင်က ပြောကြားခဲ့ပါတယ်။
၂၀၂၁ နွေဦးတော်လှန်ရေးဖြစ်စဉ်အပြီးထဲက မြန်မာနိုင်ငံနဲ့ ပိုနီးကပ်လာတဲ့ ရုရှားနိုင်ငံဟာ အာဆီယံမှာပထမဆုံးအဖြစ် မြန်မာနိုင်ငံကို နျူကလီးယားဓာတ်အားပေးစက်ရုံထူထောင်ပေးဖို့ ကူညီလုပ်ဆောင်ပေးနေတာဖြစ်ပြီး အခုအချိန်မှာတော့ သဘောတူညီချက်ကို ကမ္ဘာသိအောင် ပူတင်ကပါ ထုတ်ပြောလာတာပါ။
ဒီလိုထုတ်ပြောမှုတွေအရတော့ ရုရှားနိုင်ငံရဲ့ နိုင်ငံပိုင် နျူကလီးယားစွမ်းအင်ကော်ပိုရေးရှင်းဖြစ်တဲ့ Rosatom က လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၁၀ ထုတ်လုပ်ပေးနိုင်မယ့် နျူကလီးယား ဓာတ်အားပေးစက်ရုံစီမံကိန်းကို မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်သွားမှာဖြစ်ပြီး ဒီစက်ရုံက မဂ္ဂါဝပ် ၃၃၀ ထုတ်လုပ်ပေးနိုင်တဲ့အထိ တိုးချဲ့သွားနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Rosatom က မြန်မာနိုင်ငံအတွင်းမှာ လျှပ်စစ်ဓာတ်အား ၁၇၂ မဂ္ဂါဝပ် နဲ့ ၂၀၀ မဂ္ဂါဝပ် အသီးသီးထုတ်လုပ်နိုင်မယ့် လေအားလျှပ်စစ်ဓာတ် အားပေးစက်ရုံတွေ တည်ဆောက်ဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။ ဒီစီမံကိန်းတွေအတွက် ဖြစ်နိုင်ခြေလေ့လာမှုတွေ စတင်ဖို့ နားလည်မှုစာချွန်လွှာကို Rosatom နဲ့ မြန်မာအစိုးရအကြား လက်မှတ်ရေးထိုးခဲ့ပြီလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လျှပ်စစ်တပ်ဆင်အင်အားက ၆၈၇၈ မဂ္ဂါဝပ် ရှိပြီး ထုတ်လုပ်နိုင်စွမ်းက မဂ္ဂါဝပ် ၄၀၀၀ ခန့်သာ ရှိပါတယ်။ ဒီအခြေအနေကြားမှာ PDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ဖျက်ဆီးလို့ မဂ္ဂါဝပ် ၁၀၀၀ ကျော်ကလည်း ပြတ်တောက်နေရလို့ လာမယ့်နွေမှာ သက်ကြီးရွယ်အိုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ပြည်သူတွေဟာ လျှပ်စစ်မီးပြတ်တောက်မှုဒဏ်ကဖြစ်လာမယ့် အပူဒဏ်ခံရမှုနဲ့ ကုန်စျေးနှုန်းတက်မှုကြောင့် အသက်ဘေး၊ အငတ်ဘေးကျလုနီးပါးလည်း ထပ် ခံစားရဦးမှာပါ။ ဒါ့အပြင် ကျောက်မီးသွေးလည်း လက်မခံ၊ ရေအားကြတော့လည်း အထုတ်မခံတဲ့နိုင်ငံမှာ ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေတောင် ရေရှည်ကုန်ကျ စရိတ်သက်သာလို့ အထူးပြုသုံးစွဲနေတဲ့ နျူကလီးယားစက်ရုံဆိုတာမျိုးက ဖြစ်ကိုဖြစ်သင့် လုပ်ကိုလုပ်သင့် လုပ်ရမှာပါ။ ကနဦးမှာ အသေးစားတောင် အနည်းဆုံး ဒေါ်လာ တစ်ဘီလျံအထက် ကုန်ကျနိုင်မယ်ဆိုပေမဲ့ ဒီကနဦးစရိတ်တွေ၊ ပေါက်ကွဲမှုတွေ တွေးပြီး အကြောက်တရားတွေနဲ့ ပိတ်မိနေမယ့်အစား အမေရိကန်တို့၊ ရုရှားတို့၊ တရုတ်တို့ သူတို့နိုင်ငံတွေမှာ ဘာလို့ နျူကလီးယားလျှပ်စစ်စက်ရုံတွေ အထူးပြုသုံးနေကြလည်း မျက်စိဖွင့် နားစွင့် ဆင်ခြင်တွေးဆကြည့်ပါလို့ တိုက်တွန်းရမှာပါ။
ဘယ်သူမဆိုပါဝင်နိုင်မယ့် ထားဝယ်အထူးစီးပွားရေးဇုန်
‘‘ဒီရုရှားရောက်တဲ့အခါမှာ H.E. Vladimir Vladimirovich Putin နဲ့တင် မကဘဲနဲ့ ရုရှားရဲ့လုံခြုံရေးကောင်စီအတွင်းရေးမှူး၊ ပြီးရင် ရုရှားအထက်လွှတ်တော်ဥက္ကဋ္ဌ၊ ရုရှားဒူးမားလွှတ်တော်ဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး၊ ရုရှားမှာရှိတဲ့ ခေါင်းဆောင်တွေအားလုံးနဲ့ တွေ့ဆုံခဲ့ပါတယ်။ အနှစ်ချုပ်ကတော့ မြန်မာ – ရုရှား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားမယ်။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ကာကွယ်ရေးအားလုံး မြှင့်တင်သွားမှာ ဖြစ်ပါတယ်။ သမ္မတကြီး H.E. Vladimir Vladimirovich Putin နဲ့ ဆုံတွေ့တဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ မြန်မာ-ရုရှားပေါ့ မိတ်ဖက်ဆက်ဆံရေး၊ မဟာမိတ်ဆက်ဆံရေး ခိုင်မာတဲ့ဆက်ဆံရေး ဖန်တီးနိုင်ခဲ့တယ်။ ကျွန်တော်တို့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးကဏ္ဍပေါင်းစုံမှာ အားလုံးတိုးမြှင့်နိုင်ဖို့အတွက် ဆွေးနွေးနိုင်ခဲ့တယ်။ ဒီနေ့ ရုရှား- မြန်မာ MYANMAR- RUSSIAN Business Forum တွေပါတယ်။ သူ့ရဲ့အချိတ်အဆက်တွေလည်းဖြစ်ပါတယ်။ ယုံကြည်စိတ်ချရဆုံးနဲ့ မြန်မာနိုင်ငံအတွက် ထာဝရမိတ်ဆွေဖြစ်နေမယ့် နိုင်ငံကြီးတစ်နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာ့ရေးရာမှာရော မြန်မာရေးရာမှာရော ရုရှားနိုင်ငံက မြန်မာနိုင်ငံဘက်ကနေ ရပ်တည်ပေးခဲ့တာကို ကျွန်တော်တို့ အထူးကျေးဇူးတင်ပါတယ်။ ၁၁၀ မဂ္ဂါဝပ်အားရှိတဲ့ နျူကလီးယားဓာတ်ပေါင်းဖိုကို ရုရှားရဲ့အကူအညီနဲ့ တည်ဆောက်ပါမယ်။ ဒါ့အပြင် အရှေ့တောင်အာရှမှာ အရေးကြီးတဲ့ စီးပွားရေးအရအခြေခံကောင်းမွန်လာမယ့် ထားဝယ်ရေနက်ဆိပ်ကမ်းကို ရုရှားနဲ့ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒါသည် အလွန်ကြီးမားတဲ့ Project ကြီးဖြစ်ပါတယ်။ ဒါ့အပြင် ထားဝယ်ရေနက်ဆိပ်ကမ်းကို အသုံးပြုခြင်းအားဖြင့် ကုန်းတွင်းလမ်းကိုအသုံးပြုပြီးတော့ မလက္ကာရေလက်ကြားကို အသုံးမပြုဘဲနဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းကနေ ဗီယက်နမ်မှာရှိတဲ့ ဒါနန်း(Da Nang) ဆိပ်ကမ်း၊ အခြားဆိပ်ကမ်းတွေနဲ့ ချိတ်ဆက်ခြင်းအားဖြင့် မလက္ကာရေလက်ကြားကို မဖြတ်ဘဲနဲ့သွားနိုင်တဲ့ လမ်းကြောင်းသစ်တစ်ခု ပေါ်လာမှာဖြစ်တယ်။ ဒီရေနက်ဆိပ်ကမ်းက ဘာကြောင့်အရေးပါလဲဆိုလို့ရှိရင် ထားဝယ်ရေနက်ဆိပ်ကမ်းက ဘယ်နေရာရှိလဲဆိုရင် မြန်မာနိုင်ငံအောက်ပိုင်းမှာရှိတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းအောက်မှာ မလက္ကာရေလက်ကြားဆိုတာရှိတယ်။ ဒီမလက္ကာရေလက်ကြားဆိုတာက တောင်တရုတ် ပင်လယ်နဲ့ ဟိုဘက်မှာရှိတဲ့ အိန္ဒိယသမုဒ္ဒရာနှစ်ခု ဆက်ပေးထားတာဖြစ်တယ်။ စိန့်ပီတာစဘတ်မှာ မြန်မာ-ရုရှားတွေ့ပြီးတော့ ရင်းနှီးမှုမြှင့်တင်နိုင်ရေးအတွက်ကြောင့် ကောင်စစ်ဝန်ချုပ်ရုံးအသစ် သွားရောက်ဖွင့်လှစ်မှာဖြစ်တယ်။ ပြီးရင် ဘီလာရုစ်ကိုသွားမယ်။ ပြန်လာရင် ကျွန်တော်တို့ ရုရှားမှာရှိတဲ့ ဗလာဒီဗော့စတော့ကို သွားမယ်၊ အဲဒီမှာလည်း ကောင်စစ်ဝန်ချုပ်ရုံးအသစ်တစ်ခု ဖွင့်မယ်။ ကျွန်တော် ပြောချင်တာကတော့ ဒီနေ့ကနေစပြီးတော့ မြန်မာ – ရုရှားဆက်ဆံရေး ပိုမိုခိုင်မာစေဖို့၊ ပိုမိုတည်မြဲစေဖို့ သမိုင်းကဏ္ဍအသစ်ကို ဖွင့်လှစ်နိုင်ပြီဖြစ်တယ်လို့ ဝမ်းမြောက်ဝမ်းသာပြောချင်ပါတယ်”လို့ ရုရှား-မြန်မာ စီးပွားရေးဖိုရမ်အပြီးမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရုရှားမီဒီယာတွေရဲ့ မေးမြန်းချက်တွေကိုဖြေဆိုခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာအဓိကအရေးပါတဲ့ စီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကြီး ၃ ခုရှိပြီး အဲဒီသုံးခုက ကျောက်ဖြူ၊ သီလဝါ၊ ထားဝယ်ဆိုတဲ့ ရေနက်ဆိပ်ကမ်းတို့ဖြစ်ပေမဲ့ ထားဝယ် ရေနက်ဆိပ်ကမ်းကရပ်ဆိုင်းနေတာကြာပြီဖြစ်လို့ ဒီထားဝယ်ရေနက်ဆိပ်ကမ်းကိုလည်း ရုရှားနိုင်ငံနဲ့ဆောင်ရွက်နိုင်ဖို့ MOU လက်မှတ်ရေးထိုး ဆောင်ရွက်နိုင်ခဲ့ကြောင်းနဲ့ ရုရှားနိုင်ငံနဲ့ အဓိကထားဆောင်ရွက်မှာဖြစ်ပေမယ့်လည်း ဘယ်နိုင်ငံမဆို ဒီနေရာမှာပါဝင်လို့ရတာ၊ လုပ်ဆောင်နိုင်ဖို့ ဖိတ်ခေါ်ပါတယ်လို့ ပြောခဲ့တာကိုလည်း တွေ့ရပါတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းသာ အမှန်တကယ် မြန်မြန်ဆန်ဆန်ဖြစ်မြောက်ခဲ့ရင် ဒေသတွင်းက ထိုင်း၊ စင်ကာပူ စတဲ့ နိုင်ငံတွေသာမက တရုတ်နိုင်ငံကလုပ်ဆောင်နေတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းကိုပါ ဆွံ့အသွားစေနိုင်ဖွယ်ရှိပါတယ်။ ဒီအချက်ကြောင့်ပဲ တရုတ်နိုင်ငံရဲ့ အာရှအထူးကိုယ်စားလှယ်တိန့်ရှီကျွင်းဟာ မြန်မာပြည်ကို ချက်ချင်း အပြေးလာခဲ့ပြီး AA တိုက်ယူဖို့ လုပ်နေတဲ့ ကျောက်ဖြူကသူ့စီမံကိန်းတွေ၊ သူ့ပိုက်လိုင်းတွေနဲ့ သူနဲ့ နီးစပ်တဲ့ လက်နက်ကိုင်တွေကြား၊ လက်ရှိအခြေအနေတွေကို စေ့ငုဖို့အထိ ပြေးလာခဲ့ရတဲ့အသွင်လည်း မြင်ခဲ့ရပြန်သေးတာပါ။ သေချာတာကတော့ စီမံကိန်းတွေရဲ့ မဟာဗျူဟာကျမှုအပေါ်မှာ လက်နက်ကိုင်တွေနဲ့ ခွချက်လုပ်ပြီး စိတ်ဓာတ်မမှန်တဲ့နိုင်ငံတွေဟာ မြန်မာ့အချုပ်အခြာအာဏာကို ကိုင်တွယ်ထိန်းချုပ်ကစားချင်တာမို့လို့ ဒီလိုမျိုးနိုင်ငံတွေရဲ့ ချုပ်ကိုင်မှုလည်း မဖြစ်ရအောင်၊ ကိုယ့်နိုင်ငံရဲ့ မဟာဗျူဟာကျမှုကို ကိုယ်တိုင် ကိုင်တွယ်ကစားနိုင်အောင် မျှခြေကို အစိုးရတာဝန်ယူထားသူတွေကပဲ အားစိုက်ရှာဖွေရမှာဖြစ်လို့ ဒီမျှခြေကို နိုင်ငံ့အတွက် အကောင်းဆုံးရှာဖွေပေးပါလို့ပဲ ပြောရမှာပါ။
တိုးမြှင့်လာမယ့် ရုရှား၊ ဘယ်လာရုစ်မြှုပ်နှံမှု
“ကျွန်တော်တို့နိုင်ငံက ပါတီစုံဒီမိုကရေစီစနစ်ကို သွားမှာ နံပါတ်တစ်ချက်ပေါ့။ ကျွန်တော်တို့ကလွတ်လပ်ရေးရပြီးတာ ၇၇ နှစ်တာကြာခဲ့ပြီ။ ကျွန်တော်တို့မှာ ပဋိပက္ခပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ရတယ်။ တကယ်တော့ ကျွန်တော်တို့မှာရှိတဲ့ လူသားအပါအဝင် သယံဇာတအရင်းအမြစ်တွေများစွာရှိတယ်။ ဒါတွေကို အသုံးချမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ တိုင်းပြည်က မုချတိုးတက်တဲ့ တိုင်းပြည်တစ်ခုဖြစ်ရမယ်။ ဒီအတွက် ကျွန်တော်တို့က ပူးပေါင်းဆောင်ရွက်မှု အလားအလာကိုရှာတဲ့အခါမှာ ရုရှားနိုင်ငံဟာ ကျွန်တော်တို့အတွက် ပူးပေါင်းဆောင်ရွက်မှုအလားအလာရှိတဲ့ နိုင်ငံတစ်ခုအဖြစ် ကျွန်တော်တို့မြင်တာပေါ့။ ရုရှားနိုင်ငံတင်မကပါဘူး။ နိုင်ငံတွေများစွာရှိပါတယ်။ သို့သော်လည်းပဲ အလျင်မြန်ဆုံး ဆောင်ရွက်ပေးနိုင်မယ့်နိုင်ငံက ရုရှားနိုင်ငံဖြစ်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါကြောင့် ရုရှားနိုင်ငံကို ကျွန်တော် သွားခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့က နိုင်ငံရေးအရ ဆုံးဖြတ်ပြီးသားဖြစ်ပါတယ်။ နိုင်ငံရေးအရ ပြည်သူ တွေတောင်းဆိုတဲ့ ပါတီစုံဒီမိုကရေစနစ်ကိုသွားဖို့အတွက် ကျွန်တော်တို့က ဆုံးဖြတ်ပြီးသား ဖြစ်တယ်။ ဒါကို ကျွန်တော်တို့က အကောင်အထည် ဖော်နိုင်ဖို့အတွက် တစ်ဖက်ကပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ရမှာပေါ့။ တစ်ဖက်ကလည်း ပြည်တွင်းငြိမ်းချမ်းရေးကိုရအောင်လည်း ကျွန်တော်တို့ လုပ်ရမှာပေါ့။ ဒါကြောင့် ရုရှားသမ္မတကြီးကလည်း မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ရုရှားဘက်ကကူညီမယ်လို့ သူပဲပြော တယ်။ သို့ပေမယ့်လည်းဘယ်လာရုစ် သမ္မတကြီး H.E .Mr Alexander Gregoryevich Lukashenko ကလည်း ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် အစစအရာရာပူပေါင်းဆောင်ရွက်ပေးမယ်၊ ကူညီပေးမယ်လို့ ပြောတယ်။ ကျွန်တော်တို့အတွက် ခွန်အားတွေဖြစ်သလို တိုင်းပြည်အတွက်လည်း အားတစ်ခုကျွန်တော်တို့ရမှာပါ။ ကျွန်တော်တို့နိုင်ငံက ပထဝီအနေအထားအရ ကြည့်မယ်ဆိုလို့ရှိရင် တကယ့်ဆုံချက်မှာရှိတယ်။ အရှေ့တောင်အာရှနိုင်ငံ၊ အာဆီယံနိုင်ငံမှာ အနောက်ဘက်အကျဆုံး နိုင်ငံဖြစ်တယ်။ ကျွန်တော်တို့ရဲ့အနောက်ဘက်မှာ လူဦးရေသန်းပေါင်း ၁ ဒသမ ၄ ဘီလျံကျော်လောက်ရှိတဲ့ အိန္ဒိယနိုင်ငံရှိတယ်။ လူဦးရေသန်းပေါင်း ၁၆၀ ကျော်ရှိတဲ့ဘင်္ဂလားဒေ့ နိုင်ငံရှိတယ်။ ကျွန်တော်တို့နိုင်ငံရဲ့အရှေ့မြောက်ဘက်မှာ လူဦးရေ သန်းပေါင်း ၁၄၀၀ လောက်ရှိတဲ့ တရုတ်နိုင်ငံရှိတယ်။ ဒီသုံးမျိုး ပေါင်းလိုက်လို့ရှိရင် ၄ ဘီလျံနီးပါးလောက် လူဦးရေရှိတယ်။ အဲဒီတော့ သွားမယ့်နေရာ ဆုံချက်ကိုကြည့်မယ်ဆိုရင် တောင်ဘက်ကို သွားရင် အိန္ဒိယသမုဒ္ဒရာ ရောက်သွားမယ်။ မြောက်ဘက်ကိုသွားမယ်ဆိုရင် တရုတ်နိုင်ငံကိုဖြတ်ပြီး ရုရှားနိုင်ငံကို ရောက်သွားမယ်။ အနောက်ဘက်ကိုသွားမယ်ဆိုရင် အိန္ဒိယနိုင်ငံကို ရောက်သွားမယ်။ အရှေ့တောင်ဘက်ကိုသွားမယ်ဆိုရင် အာဆီယံနိုင်ငံတွေ အကုန် ရောက်သွားမယ်။ မြန်မာနိုင်ငံလောက် အခွင့်အရေးကောင်းတဲ့နိုင်ငံ မရှိဘူး။ ကျွန်တော်တို့နိုင်ငံက အခြေပြုပြီးတော့ စီးပွားရေးလုပ်ငန်းလုပ်မှာပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံကို ဖြတ်ပြီးတော့သွားမှာပဲဖြစ်ဖြစ်၊ ခုနကပြောတဲ့ ကြီးမားတဲ့ဈေးကွက်ကြီးတစ်ခုလုံးကို ကူးလူးဆက်ဆံနိုင်ခွင့်ရမယ် ဆိုတာ သိနိုင်ပါတယ်။ ကျွန်တော်တို့ဗျာ တကယ်ကို လက်တွဲလုပ်ဖို့ အသင့်တော်ဆုံးအချိန် ရောက်နေပါပြီ။ EAO တွေကိုလည်း ကျွန်တော်ပြောချင်တာကတော့ ကိုယ်ဖြစ်ချင်တာတွေမပြောပါနဲ့။ ဖြစ်သင့်တာတွေ၊ ဖြစ်နိုင်တာတွေပဲပြောဖို့ ကောင်းတယ်။ လူဆိုတာကတော့ ဖြစ်ချင်တာကတော့ လူတိုင်းဖြစ်ချင်တာပဲ။ ကျွန်တော်လည်း ဖြစ်ချင်တာတွေ အများကြီးရှိတာပဲ။ ဒါပေမယ့် ကျွန်တော်ဖြစ်ချင်တာ ဖြစ်ချင်မှလည်းဖြစ် လိမ့်မယ်။ ဖြစ်သင့် တာ ဖြစ် နိုင်တာကိုပဲ ကျွန်တော်တို့သွားတာကောင်းတယ်။ ကျွန်တော်တို့ ပြောတယ်။ ကျွန်တော်တို့ တစ်အချက်ဒီမိုကရေစီအခွင့်အရေးပေးတယ်။ တိုင်းရင်းသားနဲ့ပတ် သက်တဲ့ အခွင့်အရေးပေးတယ်။ ကမ္ဘာမှာကြည့်လိုက် အကုန်လုံးက မျှတတဲ့အခွင့်အရေးပဲ ကိုယ်ရတယ်။ တစ်ဖက်သတ်အခွင့်အရေးကို သွားပေးလို့မရဘူး။ တိုင်းရင်းသားဘက်က စဉ်းစားဖို့သင့်တယ် ဆိုတာ ကျွန်တော်ပြောလိုတယ်။ ကျွန်တော်တို့အနေနဲ့ တိုင်းရင်းသားတွေဘက်ကိုလည်း ဦးစားပေးပြီးတော့ ဆောင်ရွက်ပေးမယ်။ ကျွန်တော်ဆုံးဖြတ်ထားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ကျပြီး ကျန်ခဲ့တဲ့ တိုင်းရင်းသားနယ်မြေတွေအားလုံးကို ဦးစားပေးပြီး ကျွန်တော်ဆောင်ရွက်ပေးမယ်။ အခုထိ ကျွန်တော်တတ်နိုင်သမျှလုပ်ပေးပါတယ်။ မြန်မာနိုင်ငံအတွက် စိုက်ပျိုးရေးနဲ့ မွေးမြူရေး ကုန်ထုတ်လုပ်ငန်းတွေကို မလွတ်ဘူး။ အနာဂတ်အတွက် သိပ္ပံနဲ့နည်းပညာကို ကျွန်တော် မလွတ်ဘူး။ သူတို့က စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းမှာ အခြေခံတဲ့စက်မှုလုပ်ငန်းတွေ က အများကြီး ကောင်းတယ်။ သိပ္ပံနည်းပညာမှာလည်း အများကြီး ကောင်းတယ်။ သူတို့က အနိမ့်တစ်ခုနဲ့အမြင့်တစ်ခုအားလုံးကို အတူတူပေါင်းစပ်ပေးနိုင်တဲ့ အနေအထားရှိတယ်။ အဲဒါက ကျွန်တော်တို့အတွက်လိုအပ်ချက်ပဲ။ ဒါကြောင့် ကျွန်တော် ပြောရဲပါတယ်။ ပူးပေါင်းဆောင်ရွက်မယ်ဆိုလို့ ရှိရင် ဒီဟာကကျွန်တော်တို့ တိုင်းပြည်အတွက် အကျိုးအမြတ်မုချရှိမယ်လို့ ကျွန်တော် ပြောနိုင်ပါတယ်” လို့ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ရုရှား – ဘယ်လာရုစ် ခရီးစဥ်အပြန်မှာ ပြောကြားခဲ့ပါတယ်။
SAC ဥက္ကဋ္ဌ မတ်လ ၃ ရက်ကနေ ၉ ရက်အတွင်း သွားရောက်ခဲ့တဲ့ ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတော်ခရီးစဉ်ဟာ ဘေးပတ်လည်က ဖြိုဖျက်နေကြပြီး ကူညီပံ့ပိုးသူမဲ့နေတဲ့ မြန်မာနိုင်ငံအဖို့တော့ အင်မတန်ကောင်းမွန်တဲ့ခရီးဆိုတာ ဦးနှောက်ပါသူတိုင်း လက်ခံရမှာပါ။ အရင်တုန်းက သန်း ၁၀၀ တောင် မြှုပ်နှံမှုမရှိတဲ့ ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတွေဟာ မြန်မာနိုင်ငံမှာ မြှုပ်နှံစျေးကွက်ရှာဖို့ ကြိုးပမ်းလာသလို ရုရှားနဲ့ဆို နှစ်နိုင်ငံအကြား ပညာရေးအရည်အချင်းသတ်မှတ်ချက်နဲ့ ပညာရပ်ဆိုင်ရာ ဘွဲ့၊ ဒီဂရီများပြန်အလှန်အသိအမှတ်ပြုရေးဆိုင်ရာ သဘောတူစာချုပ်၊ အကောက် အခွန်ဆိုင်ရာကိစ္စရပ်များဆိုင်ရာ သဘောတူညီချက်များ၊ ကျန်းမာရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ၊ ယဉ်ကျေးမှုနဲ့ အားကစားကဏ္ဍ ပူးပေါင်းဆောင် ရွက်ခြင်းစာချွန်လွှာများ၊ အနုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရာတွင် နျူကလီးယားနှင့် ဓာတ်ရောင်ခြည်ဘေး အန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းဥပဒေနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများ၊ ဘူမိဗေဒလေ့လာရေးနဲ့ ဓာတ်သတ္တုရှာဖွေရေးဆိုင်ရာ စီးပွားရေးနဲ့နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးနားလည်မှု စာချွန်လွှာများ၊ ငြိမ်းချမ်းသောရည်ရွယ်ချက်ဖြင့် ပြင်ပအာကာသစူးစမ်းလေ့လာရေး နဲ့ အသုံးပြုမှုနယ်ပယ် ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာနဲ့ နှစ်နိုင်ငံအကြား ရင်းနီးမြှုပ်နှံမှုများမြှင့်တင်ရေးနဲ့ အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် ၁၀ ခု လက်မှတ်ရေးထိုးခဲ့သလို ဘယ်လာရုစ်နိုင်ငံနဲ့လည်း စီးပွားရေး၊ လူမှုရေး၊ ပညာရေးဆိုင်ရာအကူအညီပေးရေး စာချွန်လွှာ ၁၅ ခုလောက်အထိ လက်မှတ်ထိုးနိုင်ခဲ့ပြီး ဒီလိုအထဲမှာဆို ချက်ချင်း အကျိုးသက်ရောက်စေနိုင်တာတွေကို ဆွေးနွေးမှုအဖြစ်လည်း နျူကလီးယားဓာတ်အားပေးစက်ရုံအပြင် ထားဝယ်ရေနက်ဆိပ်ကမ်းအနီး LNG Terminal တည်ဆောက်ပြီး ပြည်တွင်းပြည်ပ တင်ပို့ရောင်းချဖို့၊ မြန်မာ့ စက်သုံးဆီလိုအပ်ချက်ကို သက်သာတဲ့ဈေးနှုန်းနဲ့ ရရှိအောင် ဆောင်ရွက်ပေးဖို့၊ ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရေနံချက်စက်ရုံတည်ဆောက်ဖို့၊ မြန်မာ့ပေါင်းဆန်တွေ ရုရှားနိုင်ငံသို့တင်ပို့ရေးနဲ့ ရုရှားကနေ ဓာတ်မြေဩဇာတန် ၃ သိန်းအပြင် ပိုးသတ်ဆေးတွေဝယ်ယူဖို့၊ ဘယ်လာရုစ်က ဓာတ်မြေဩဇာစက်ရုံလာတည်ဆောက်ဖို့ စတဲ့ နိုင်ငံ့အတွက်လိုအပ်ချက်များတာတွေ အဓိကဆွေးနွေးအကောင်အထည်ဖော်နိုင်ခဲ့တာလည်း မြင်ခဲ့ရပါတယ်။ မြင်ခဲ့ရသမျှတွေထဲမှာ ရုရှားသမ္မတနဲ့ ဘယ်လာရုစ်သမ္မတတို့ဟာ အာဆီယံခေါင်းဆောင်တွေလို၊ အိမ်နီးချင်းနိုင်ငံတချို့ရဲ့ ခေါင်းဆောင်တွေလိုမျိုး မဆက်ဆံချင်သလိုလို၊ မတွေ့ချင်သလိုလို ပုံစံအချိုးမျိုး မလုပ်ဆောင်ဘဲ တလေးတစား၊ တခမ်းတနားနဲ့ သွားလေရာတိုင်းမှာ နိုင်ငံတော်အဆင့်ဂုဏ်ပြုကြိုဆိုပြီး တန်ဖိုးထားဆက်ဆံတာကို မြင်ခဲ့ရတာပါ။ ဒီလိုမျိုး ဆက်ဆံမှုဟာ မြန်မာနိုင်ငံကို အပယ်ခံလို သဘောထားပြီး အထင်တသေးနဲ့ မဆက်ဆံချင်တဲ့ နိုင်ငံတွေအဖို့ ရှော့ခ်ရစရာဖြစ်ခဲ့သလို မြန်မာနိုင်ငံကို ဖျက်ဆီးဖို့ ကျောထောက်နောက်ခံ အမေရိကန်ဆီက ငွေမရတော့တဲ့ လက်နက်ကိုင်တွေအဖို့လည်း သူတို့ကို ငွေပေးနိုင်မယ့်နိုင်ငံဆီ ပြေးကပ်ချင်တဲ့ သတင်းစကားတွေ ထုတ်လွှင့်လာတာလည်း မြင်ရတာမို့လို့ ရုရှားနဲ့ ဘယ်လာရုစ်ရဲ့ တန်ဖိုးထားမြှုပ်နှံမှုကို ဖျက်ဆီးချင်တဲ့ နိုင်ငံတချို့ကိုတော့ဖြင့် သတိပြုရမယ့်သဘောလည်း မြင်ရကြောင်း တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။